ဦးခေါင်းပြတ် သေဆုံးနေသည့် သာကေတမှ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အမှု မိသားစုရန်ငြိုးကြောင့် သတ်ဖြတ်ခြင်းခံရသည်ဟု ခန့်မှန်းထား

အသည်းနှင့်ကျောက်ကပ်မရှိ တော့ဘဲ ဦးခေါင်းပြတ်သေဆုံး နေသည့် သာကေတမှ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်သည် မိသားစု၏ ရန်ငြိုးရန်စကြောင့် သတ်ဖြတ်ခြင်းခံရသည်ဟု ခန့်မှန်းထားကြောင်း အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသည့် ရန်ကုန်တိုင်း CID ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။

ထိုအမှုသည် ဧပြီလ သင်္ကြန်မတိုင်ခင်ကာလက ဖြစ်ခဲ့သည့်မှုခင်းဖြစ်ပြီး လက်ရှိအချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးသည့်အမှုဖြစ်သည်။ ထို့ကြောင့် တရားခံ မပေါ်ပေါက်သေးသည့် အရေးကြီးမှုခင်းတစ်ခုအဖြစ် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့က CID ရဲတပ်ဖွဲ့သို့ မေလ ၃၁ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့လွှဲပြောင်းပြီး ၁၃ ရက် အကြာတွင် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

CID ရဲတပ်ဖွဲ့သို့ မလွှဲပြောင်းမီအချိန်က အလောင်းတွေ့ရှိခဲ့ရာ နေရာသည် ဒေါပုံမြို့နယ်အတွင်းရှိချောင်းလက်တက်တစ်ခုတွင် ဖြစ်နေသဖြင့် ဒေါပုံရဲစခန်းကကိုင် တွယ် စုံစမ်းခဲ့သည်။ အသတ်ခံခဲ့ရသည့်မိန်းကလေး ငယ်အလောင်းကိုတွေ့ရှိချိန်တွင် ကိုယ်တွင်းမှ အသည်းနှင့်ကျောက်ကပ်တို့ပျောက်ဆုံးနေသဖြင့် ပြင်ပတွင် ကလေးငယ်၏အသည်းနှင့် ကျောက်ကပ်ကို ထုတ်ယူရောင်းစား ခြင်းခံလိုက်ရသည်ဟူသော ကောလာဟလများလည်း ပျံ့နှံ့ခဲ့သည်။

”အပြင်မှာ ပြောနေသလို အသည်းနဲ့ကျောက်ကပ်က ထုတ်ရောင်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ မှုခင်းဆရာဝန်ကြီးရဲ့ ပြောကြားချက်အရ အသည်းနဲ့ကျောက် ကပ်ကို ပြည်ပကိုထုတ်ရောင်းမယ်ဆိုရင် ဒီအလောင်းကို ခွဲစိတ်ဖို့အတွက် ပိုးသတ်ထားတဲ့ ခွဲခန်းတစ်ခုလိုမယ်။ ပြီးတော့ နိုင်ငံခြားကို ရောင်းစားတဲ့အတွက် အချိန်လိုမယ်။ ကလေးငယ်မှာ ဒီလက္ခဏာ လုံးဝမတွေ့ရဘူး။ ဒီတော့ ကလီစာတွေ ထုတ်ရောင်းခံထားရတာလုံးဝမဟုတ်ပါဘူး” ဟု အဆိုပါရဲ အရာရှိက ပေါ်ပြူလာနယူးစ်၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင်ကလေးငယ်အသည်း နှင့်ကျောက်ကပ်ကို တခြားတစ်စုံ တစ်ဦးထံသို့ အစားထိုးလဲလှယ်ခြင်း ရှိ၊ မရှိ စစ်ဆေးရာတွင်အဖြေကို မှုခင်းဆရာဝန်က အတည်ပြုပေး နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

”တကယ်လို့ ကျောက်ကပ်ကို အစားထိုးလဲလှယ်တာဆိုရင် ကျောက်ကပ်တစ်ခုကို ထုတ်ယူနေတဲ့အချိန်မှာ ကျန်တဲ့ကျောက်ကပ်တစ်ခုရဲ့သွေးကြောကို ယိုစိမ့်မှု မရှိအောင် စည်းထားရတယ်။ ဒါပေမဲ့ အလောင်းက ပုပ်နေပြီ ဖြစ်တဲ့အတွက် သွေးကြောကို စည်းထားခြင်း ရှိ၊ မရှိ စစ်ဆေး လို့ မရဘူးဖြစ်နေတယ်။ ဒီတော့ လောလောဆယ် ကျွန်တော်တို့က လူသတ်တရားခံဟာ ကလေးနဲ့ တော့ ရန်ငြိုးရန်စရှိမှာ မဟုတ်ဘူး။ ဒီတော့ မိသားစုနဲ့ ရန်ငြိုးရန်စရှိတဲ့ သူတစ်ဦးဦးက လက်စားချေပြီး ဒီလို ရက်ရက်စက်စက်လုပ်တယ် လို့ လတ်တလော ယူဆထားတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ မိသားစု နဲ့နေထိုင်ရာမြို့နယ်ထဲမှာလိုက်ပြီး စစ်ဆေးနေတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ လက်ရှိအချိန်ထိဆိုလျှင် အဆိုပါကလေးငယ် သေဆုံးခဲ့ သည်မှာ အချိန်သုံးလခန့် ကြာ မြင့်ခဲ့ပြီဖြစ်သော်လည်း ပျောက်ဆုံးနေသည့်ကလေးငယ်၏ဦးခေါင်း ကိုလည်းကောင်း၊ ကျူးလွန်သူ တရားခံကိုလည်းကောင်း ယနေ့ အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)