အဂတိလိုက်စားသည့် သတင်းထွက်ပေါ်သောကြောင့် မွန်ပြည်နယ် လ.ဝ.ကကိုစုံစမ်းစစ်ဆေးမည် ဟုဝန်ကြီးချုပ် ဆို


မော်လမြိုင်၊ ဧပြီ ၂၅
မွန်ပြည်နယ် မြို့နယ်အချို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့် ကိစ္စ များတွင် အဂတိလိုက်စား မှုများရှိနေသည် ဟုသတင်းများထွက်ပေါ်နေသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန နှင့်ပြည်နယ်အစိုးရအဖွဲ့ တို့ ပူးပေါင်းစစ်ဆေးရန် စီစဉ်နေကြောင်းမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဟင်္သာမီဒီယာသို့ ပြောသည်။
ယင်းကိစ္စ ကိုဖြေရှင်းနိုင်ရန် ပြည်ထောင်စုရှိလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထံတင်ပြထား ကြောင်းဦးမင်းမင်းဦးကဆိုသည်။
“အခုလ.ဝ.ကအသံထွက်နေတော့ လ.ဝ.ကဝန်ကြီးကိုပြောပြထားတယ်၊ ဒီမြို့နယ်တွေ ဟိုမြို့နယ်တွေမှာအသံတွေထွက်နေတယ်၊ မင်းဒါကို ကြည့်ရှင်းလိုက်ဆိုပြီးပြောပြထားတယ်၊ သူ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေကိုတော့ ဘယ်တော့မှကျော်မလုပ်ဘူး၊ သူနဲ့ ဆိုင်တဲ့အတွက်သူ့ကိုအပြီးလွှဲပေးလိုက်တယ်” ဟုဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။
ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာသောသတင်းများအရအဂတိလိုက်စားသည့် မြို့နယ်များကိုအထူးကြပ်မတ် ကိုင်တွယ်ရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပြည်နယ်မှူးဦးစိန်ဝင်းက “ကျွန်တော်တို့က တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လာဘ်ပေးလာဘ်ယူမလုပ်ဖို့ဟိုးအရင်ကတည်းကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်၊ဝန်ကြီးချုပ်ကပြောတယ်ဆိုတာကတော့မတွေ့သေးဘူး၊လာဘ်ပေးလာဘ်ယူမလုပ်ရဘူးဆိုတာကတော့တစ်နိုင်ငံလုံးရဲ့မူဝါဒပဲလေ၊ကျွန်တော်တို့လဝကကိုညွှန်ကြားထားတာဆိုတော့အတိအကျလိုက်နာရမှာပေါ့၊”ဟုဆိုသည်။
ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ဝန်ကြီးဌာနများကိုတွေ့ဆုံပြောဆိုမှုများပြုလုပ်ထားပြီး၎င်း တို့မှ တစ်ဆင့် လက်အောက်ရှိဦးစီးမှူး၊ ညွှန်မှူးတို့အားညွှန်ကြားမှုများပြုလုပ်နေရသဖြင့် အဂတိလိုက်စားမူပပျောက်ရန် အချိန်အနည်းငယ်စောင့်ဆိုင်းရမည်ဖြစ်ကြောင်းဦးမင်းမင်းဦးကရှင်းပြသည်။
“အရင်အစိုးရကသူ့မူဝါဒနဲ့ သူသွားတယ်၊ကျွန်တော်တို့အစိုးရကကိုယ့်မူဝါဒနဲ့ကိုယ် သွားတယ်၊ ဝန်ထမ်းတွေ ကဒါကိုနားလည်ပေးဖို့လိုတယ်၊ ပါတီတစ်ခုအာဏာရရင် ဒီပါတီရဲ့မူဝါဒအတိုင်းလိုက်နာ ဆောင်ရွက်ဖို့ပဲလို တယ်၊အရင်ကဒီိလိုလုပ်ခဲ့တယ်ဆိုပြီးအခုဒီလိုပြန်လုပ်လို့ မရဘူး” ဟုဦးမင်းမင်းဦးကပြောသည်။
ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏ မူဝါဒလမ်းစဉ်များကို ပြည်သူအများသို့ ချပြထားပြီး ဖြစ်သည့်အတွက် လိုက်နာရန်သာလိုအပ် ကြောင်း နှင့် ဝန်ထမ်းများအနေနှင့် ပြည်သူ့တာဝန် ကိုယူနေခြင်းဖြစ်သည့်အတွက် ဦးဆောင်သည့်ပါတီ၏ လမ်းညွှန်မှုအတိုင်းသွား ပေးပါဟုဦးမင်းမင်းဦး ကဆက်လက် ပြောသည်။
Written by - ဖိုးဝ
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)