ကျောက်ဆည်မြို့ ဆင်မင်းဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးများအပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား



မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ၊ စက်ရုံစုနယ်မြေရှိ ဆင်မင်းဘိလပ်မြေစက်ရုံဝင်းအတွင်း ကျောက်မီးသွေး အမှုန့်ကြိတ်ဌာနခွဲတွင် မေ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က အပူရှိန်လွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်း ၄၀-ခန့်ဆုံးရှုံးခဲ့ကြောင်း ကျောက်ဆည်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“ကျောက်မီးသွေးတွေ အပူရှိန်များပြီး ပေါက်ကွဲပြီး မီးစလောင်တာ။ လောင်ကျွမ်းချိန်က နာရီဝက်လောက်ကြာတယ်။ ၃ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး ၂ ယောက်ကတော့ စိုးရိမ်ရတယ်”ဟု ယင်းဌာနတာဝန်ရှိသူတဦးက ဖြေကြားသည်။


ဖြစ်စဉ်မှာ ကျောက်မီးသွေးအမှုန်များစုစည်းသည့်စနစ် (Bag Filter) မှ အပူချိန်လွန်ကဲပြီး ယင်းလုံခြုံမှုအပေါက် ပွင့်ထွက်ခဲ့၍ ကျောက်မီးသွေးအမှုန်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ လောင်ကျွမ်းသည့်အမှုန်များ ကျလာပြီး အလုပ်သမားနားနေဆောင်တွင် နားနေသည့် ညဆိုင်းအလုပ်သမားများဖြစ်သူ ကိုနေလင်းထွန်း၊ ကိုစိုင်း၊ ကိုဦး နှင့် ရဲမင်းနိုင်တို့ သုံးဦးမှာ မီးလောင်ဒါဏ်ရာများရရှိခဲ့သဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

“ကျောက်ဆည်မှာ ကျောက်မီးသွေးလောင်စာသုံးတဲ့ ဘိလပ်မြေစက်ရုံ များလာပြီ။ သူများ နိုင်ငံမှာ မသုံး တော့တဲ့ ကျောက်မီးသွေးစက်ရုံတွေနဲ့ လုပ်ကြတာ။ သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်။ မတော်တဆပေါက်ကွဲပြီး အလုပ်သမားတွေထိခိုက်တာက မဖြစ်သင့်တဲ့ကိစ္စပဲ”ဟု ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးစိုးသီဟက ပြောသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)