ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းမြောက် အနောက်ရပ်ကွက်တွင် တရုတ်နိုင်ငံသား တစ်ဦးနှင့်လက်ထပ်ပါက ငွေနှင့် ရွှေထည်ပစ္စည်းများ ရရှိမည်ဟုဆိုကာ မြန်မာ မိန်းကလေးသုံးဦးကို တရုတ်နိုင်ငံသား သုံးဦးနှင့် လက်ထပ်ပေးခဲ့သည့် တရုတ်နိုင်ငံသား ငါးဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် မေလ ၆ရက် မွန်းလွဲပိုင်းက အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ယင်းခရိုင်ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
တရားစွဲခံထားရသူ၆ ဦးအနက် ၅ ဦးဖြစ်သော ကြည့်မြင်တိုင်မြို့နယ် တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် ရှမ်း/တရုတ်လူမျိုး ကျန်ရီမင်း (ခ) ထွန်းနိုင်ကို ၂၀၁၅ခုနှစ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ်၁၁ နှစ်၊ တရုတ်နိုင်ငံ၊ ကျန်ရှီးပြည်နယ်တွင် နေသော တရုတ်နိုင်ငံသား အသက် ၃၀ အရွယ် ရွှီကောင်းရန်အပါအဝင် ၄ ဦးကို လူကုန်ကူးရာတွင် အားပေး ကူညီခဲ့သဖြင့် ၂၀၁၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း၊ အသက် ၂၄ နှစ်အရွယ် မအေးအေးသန်းကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၈(၁) အရ အမှုမှ အပြီးအပြတ်လွှတ်ရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဖက်ခရိုင်တရား သူကြီး (၄) က အမိန့်ချလိုက်ကြောင်း ယင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“တရားစွဲခံထားရတဲ့ အမျိုးသမီးကို တရားရုံးက အပြစ်မရှိတာကြောင့် အမှုကနေ အပြီးသတ်လွှတ်ပေးလိုက် တယ်၊ ပြစ်ဒဏ်ကျခံရတဲ့ သူတွေကတော့ ရက်ပေါင်း ၆၀ အတွင်း အယူခံတက်ခွင့်ရှိပါတယ်” ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၅ခုနှစ် ဇူလိုင်၂၃ရက်က ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းမြောက် အနောက်ရပ်ကွက် ကမ်းနားလမ်းတွင် နေသော အသက် ၃၂ နှစ်အရွယ် ကျန်ရီမင်း(ခ)ထွန်းနိုင်အပါအဝင်၆ ဦးတို့က မြန်မာ မိန်းကလေး သုံးဦးကို တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက မြန်မာကျပ်ငွေသိန်း ၃၀ နှင့် ကျပ် ၁၅ သိန်းဖိုးရှိ ရွှေ တစ်ဆင်စာ ပေးမည်ဟုဆိုကာ မြန်မာအမျိုးသမီးများ၏ အုပ်ထိန်းသူများကို စည်းရုံးပြောဆိုခြင်း၊ လက်ထပ်စာချုပ်နှင့် ပတ်စ်ပို့များ ကြိုတင်ပြုလုပ်ပေးခြင်း၊ ဟိုတယ်တွင် အတူအိပ်စေခြင်းများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ ရှိခဲ့ရကြောင်း ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ကျန်ရီမင်း(ခ)ထွန်းနိုင်အပါအဝင် ၆ ဦးကို ကြည့်မြင်တိုင်မြို့မရဲစခန်းက (ပ) ၄၄၅/၁၅၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၂၄ ဖြင့် အမှုဖွင့်ပြီး ၂၀၁၅ခုနှစ် ဩဂုတ်လ တတိယပတ်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆိုခဲ့ကြောင်း၊ ယင်းနောက် အမှုနှင့်ပတ်သက်၍ တရားလိုနှင့်ခံပြသက်သေ၁၅ ဦးခန့်ကို စစ်ဆေးပြီးချိန်တွင် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
Source: The Voice