လင်မယားချင်း အချင်းများရာမှာ ဝင်ရောက်ဖြန်ဖြေသူ ဓားထိုးခံရသဖြင့် သေဆုံး


အောင်ဟိတ်ကျေးရွာအုပ်စု မြန်အောင်စုကျေးရွာ၌ လင်းမယားချင်း အချင်းများရာ ဝင်ရောက်ဖြန်ဖြေဆွဲခေါ်သည့် မယား၏ အစ်မ(မရီးဖြစ်သူ)အား မတ်ဖြစ်သူကဓားဖြင့်ထိုးသဖြင့် သေဆုံးရ

( ၁၀- ၅- ၂၀၁၆ )

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် ၊ အောင်ဟိတ်ကျေးရွာအုပ်စု ၊ မြန်အောင်စုကျေးရွာ၌ ၉- ၅- ၂၀၁၆ ညပိုင်းက တစ်ခြံတည်းနေကြသည့် လင်းမယားအချင်းများရာ ဘေးအိမ်သို့ သွားရောက်၍ ဝင်ရောက်ဖြန်ဖြေကာ ညီမဖြစ်သူကို ခေါ်ဆောင်သည့် မယား၏ အစ်မ(မရီးဖြစ်သူ)အား လင်ယောက်ျား(မတ်ဖြစ်သူ)က ဓားထိုးဖြင့်ထိုးလိုက်သဖြင့် သေဆုံးခဲ့ရကြောင်း သတင်းရရှိပါ
သည်။

ဖြစ်စဉ်မှာ ၉- ၅- ၂၀၁၆ ည ၀၉.၃၀နာရီအချိန်တွင် မအူပင်မြို့နယ် ၊ အောင်ဟိတ်ကျေးရွာအုပ်စု ၊ မြန်အောင်စုကျေးရွာ၌ ဗိုက်အောင့်နေသည့် ညီမဖြစ်သူ မအေးအေးတို့ လင်မယား အချင်းများနေသည်ကို တစ်ခြံတည်း အိမ်ချင်းကပ်နေသူ မလှလှအေးမှ သွားရောက်ဖြန်ဖြေ၍ ညီမဖြစ်သူကိုဝင်ရောက်ဆွဲခေါ်စဉ် ညီမဖြစ်သူ၏ လင်ယောက်ျား တရားခံဇော်မင်းဦး (၃၂)နှစ် ၊ (ဘ)ဦးကျော်အေး ၊ ကြုံရာကျပန်းလုပ်ကိုင်သူက မလှလှအေးအား ဓားဖြင့် တစ်ချက်ထိုးကာ ဆင်းပြေးသွားခဲ့ပြီး ဝဲဘက်ရင်အုံအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသည့် မလှလှအေး(ပန်းရောင်း) (၃၈)နှစ် ၊ (ဘ)ဦးမြဝင်းကို ည ၁၀.၀၀နာရီအချိန်ခန့် မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ထော်လာဂျီယာဉ်ဖြင့်ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရပါသည် ။

အခင်းဖြစ်ရာ နေရာသို့ မအူပင်မြို့မစခန်းမှူးနှင့်အဖွဲ့က ည ၁၁.၀၀အချိန်ခန့်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယင်းလူသတ်မှုနှင့် ပတ်သက်၍ သေဆုံးသူ မလှလှအေး၏ ခင်ပွန်း ဦးဝင်းအေး ၊ လက်သမားလုပ်ကိုင်သူမှ တရားခံ ဇော်မင်းဦးအား ဥပဒေကြောင်းအရအရေးယူပေးရန် မအူပင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းရာ မအူပင်မြို့ရဲစခန်းမှူး ဒုတိယရဲမှူး(ဦး)သိန်းနိုင်အေးက ပ-၁၈၃/၂၀၁၆ ၊ လူသတ်မှုဥပဒေပုဒ်မ ၃၀၂ဖြင့် လက်ခံဆောင်ရွက် စစ်ဆေးကာ တရားခံအားဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

ပြစ်မှုကျူးလွန်သူ တရားခံဇော်မင်းဦးသည် အရက်သေစာသောက်စားတတ်ပြီး မယားဖြစ်သူကို အမြဲလိုလို နိုင်နင်းကာ လင်မယားချင်းသော်လည်းကောင်း မရီးဖြစ်သူတို့နှင့်သော်လည်းကောင်း မူးယစ်ရမ်းကား အချင်းများ ရန်ဖြစ်ခြင်းတို့ကြောင်း ရဲစခန်းအချုပ်ကျ၍ ခံဝန်လက်မှတ် ထိုးထားဖူးသူဖြစ်ကြောင်း ၊ ယခုအခါ နှီးထိုးဓားမောက်ဖြင့် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေကြောင်း ယနေ့ ၁၀-၅-၂၀၁၆ နံနက်မှာ အောင်ဟိတ်ကျေးရွာသား တချို့၏ ပြောပြချက်အရ သိရပါသည် ။

Kha Yann
https://www.facebook.com/kha.yann.14
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)