သမ္မတကတော် ဒေါ်စုစုလွင်


Myanmar First Lady together with Daw Suu

ယခုအခါ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခံထားရတဲ့ ကျောင်းအမည် ပီတာဝဏ် ခေါ် ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်က ပြည်သူ့လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီ ဥက္ကဌ ရာထူး နဲ့ အတူ First Lady ရာထူးပါ ပူးတွဲ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

အသက် ၆၃ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါ်စုစုလွင်သည် NLD ကို ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဦးလွင်ရဲ့ သမီး ဖြစ်ပြီး ငယ်စဉ် ကလေးဘ၀ကို ဖခင် စစ်သံမှုးအဖြစ် တာဝန်ကျတဲ့ အမေရိကန် ပြည်ထောင်စုမှာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန် ၀ိဇ္ဖာ သိပ္ပံ တက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိက မဟာဝိဇ္ဖာ ဘွဲ့ နဲ့ ကျောင်းပြီးခဲ့ပြီး သြစတေသျှ ဆစ်ဒနီ တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့သူ လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့မှာ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။

ဒီအတွက် ဖိနှိပ်အုပ်ချုပ်မှုများကို အလူးအလဲ ရုန်းကန် တိုက်ပွဲဝင်နေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များကို အင်္ဂလိပ်စာ သင်ကြားပေးဘို့ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့ရာမှတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ စတင် ရင်းနှီးကျွမ်းဝင်လာခဲ့ရတာ ဖြစ်ပါတယ်။

စစ်အစိုးရ ရဲ့ နည်းမျိုးစုံ ညစ်ပါတ်မှုတွေကို ခါးစီးခံခဲ့ရတဲ့ မိသားစု ၀င်လည်း ဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ဦးထင်ကျော်က ကမ္ဘာတ၀ှမ်း ဟိုလေးတကျော် ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ စီးနင်းလိုက်ပါမယ့် မီးရထားတွဲ ဖြုတ်ထားခံရမှုမှာ သုံးလနီးပါး စွဲချက်တင်ခြင်း မရှိပဲ အင်းစိန်ထောင်မှာ အကျဉ်းကျ ခံခဲ့ရပြီး အစ်ကို ဖြစ်သူအားလည်း ပလက်ဖေါင်းကို ကားနဲ့ ၀င်တိုက်တယ်ဆိုကာ အလုပ်ကြမ်းနဲ့ ထောင် သုံးနှစ် ချခဲ့ပါတယ်။ ဦးလွင်ကတော့ အကျယ်ချုပ် အဖြစ် သုံးကြိမ်တိတိ အကျဉ်းချခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် ၁၉၉၀ မှ ၂၀၀၅ ခုနှစ်အထိ ယူနီဆက်မှာ ဒေါ်တင်မာအောင်နဲ့အတူ တာဝန်ထမ်းဆောင်ရင်း အထူး ရင်းနှီးလာခဲ့ပါတယ်။

၂၀၀၆ မှ ဟံသာ ပညာရေး အဖွဲ့ကို ထူထောင်ခဲ့ပြီး သံဃာတော်များနဲ့ အတူ ဘုန်းကြီးကျောင်း ပညာရေး တိုးတက်မြင့်မားဘို့ နဲ့ ကလေးသူငယ်များ စောင့်ရှောက်ရေး အလုပ်တွေကို စစ်ကိုင်းတိုင်း နဲ့ ရခိုင်ပြည်နယ်တွေမှာ အဓိက ထား ပြုလုပ်ခဲ့ပါတယ်။

ယူနီဆက်မှာ အလုပ်လုပ်ခဲ့တဲ့အတွက် နိုင်ငံရေးနဲ့ ပါတ်သက်မှု ခွင့်မပြုတာကြောင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မှီ ကမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီဝင် ဖြစ်လာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးခွမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရာမှာ အရွေးခံခဲ့ရပါတယ်။

သူရဲ့ ပညာအရည်အချင်း နဲ့ ထူးချွန်ထက်မြက်မှုတွေကြောင့် မြန်မာပြည်ရဲ့ ဟီလာရီ လို့တောင် တင်စားမှုတွေ ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ် ၁၉၇၃ မှာ ဦးထင်ကျော် နဲ့ အိမ်ထောင်ကျခဲ့ပါတယ်၊ နောက်ပိုင်း ဆရာကြီး မင်းသုဝဏ် ရဲ့ ကဗျာ အတော်များများကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ဘူးပြီး သတ်သတ်လွတ် စားသူလို့လည်း သိရပါတယ်။

သောကြာနေ့ထုတ် မြန်မာတိုင်းမ် သတင်းစာ အင်တာဗျူးမှာ အစိုးရရဲ့ ဦးစားပေး အစီအစဉ်တွင် လူတိုင်းပါဝင် သင်ကြားနိုင်မယ့် ပညာရေးစနစ် ဖေါ်ဆောင်ဘို့ က ထိတ်ဆုံးမှာ ရှိနေပြီး မူလတန်း အဆင်ကနေ ပြောင်းလဲသွားမှာ ဖြစ်ကာ အလွတ်ကျက် ဖြေ ပညာရေး ပုံစံ လုံးဝ ရှိတော့မှာ မဟုတ်လို့ ပြောကြားခဲ့ပါတယ်။

ဆရာ ဆရာမတွေရဲ့ သင်ကြားမှု စွမ်းရည်တွေကို မူလတန်းမှသည် တက္ကသိုလ်အဆင့်အထိ မြင့်မားအောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး နိုင်ငံတကာ အထောက်အပံ့များနဲ့ အတူ အစိုးရ ဘတ်ဂျက်ကိုလည်း ဒီအတွက် ထိထိရောက်ရောက် တိုးမြှင့် သုံးစွဲသွားမယ်လို့လည်း ပြောကြားခဲ့တာကို တင်ပြလိုက်ပါတယ်။

ကိုးကား၊ ၊ Irrawaddy/ Myanmar Time/ PIE (Professional in International Education)

HSW & Thiha Min Wai
Khaing Thitsar



Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)