Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 30, 2015

အွန်လိုင်းမှာ ပျံ့သွားတဲ့ ဓာတ်ပုံတွေကြောင့် မကျေမနပ်ဖြစ်နေတဲ့ ထိုင်းမင်းသမီးက ဖြန့်သူလို့ယူဆရသူကို တရားစွဲ

ထိုင်းနိုင်ငံမှ နာမည်ကြီးရုပ်ရှင်မင်သမီး ဘွန်ကော့ “တက်” ခေါန်မလိုင်ဟာ သူ့ရဲ့ ရေကူးဝတ်စုံ ၀တ်ဆင်ထားတဲ့ ဓာတ်ပုံတွေ ပြင်ပကို ထွက်ရှိလာတဲ့အတွက် အဲ့ဒီ မင်းသမီး နဲ့ အပျော်စီးလှေလှော်ရန်အတွက် အငှားချထားသူတစ်ဦးတို့ တရားရုံးတော်မှာ တရားရင်ဆိုင်ဖို့ ရှိနေပါတယ်။

“တက်” လို့ လူသိများတဲ့ နာမည်ကြီးမင်းသမီးဟာ ဒီကိစ္စနဲ့ပတ်သက်လို့ လှေပေါ်မှဝန်ထမ်းတစ်ဦးအား တရားစွဲဆိုလိုက်တာပါ။

မင်းသမီး “တက်” အနေနဲ့ သူ့ရဲ့ ဓါတ်ပုံတွေ လူမှုမီဒီယာပေါ် ပျံ့နှံ့လာတဲ့အကြောင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါ့ထက် သားတစ်ယောက်မိခင် မင်းသမီးအနေနဲ့ လှပကျော့ရှင်းမှု လျော့ နည်းလာတဲ့ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကို ဖော်ပြထားသော ပုံများဟာ မကြာသေးခင်ကမှ မီဒီယာတွေမှာ
 ဖော်ပြလာခဲ့ခြင်းပါ။

လူမှုမီဒီယာမှာ ပျံ့နှံ့သွားတဲ့ ဓါတ်ပုံတွေဟာ ပြီးခဲ့တဲ့လက သူနဲ့ သူ့ရဲ့ ခင်ပွန်းသည်ဖြစ်သူ Dtac ဆက်သွယ်ရေးကုမ္ပဏီအား တည်ထောင်ခဲ့တဲ့ သန်းကြွယ်သူဌေး ဘွန်ချိုင်း ဘန်ချာရွန်ကယ်တို့ ဖူးကတ် ကမ်းခြေမှာ အပျော်ခရီးထွက်ခဲ့တုန်းက ရွက်လှေပေါ်မှာ ရိုက်ကူးခဲ့တဲ့ပုံတွေပါ။

အနက်ရောင်ရေကူးဝတ်စုံကို ၀တ်ဆင်ထားပြီး ရင်သားတွေကိုပေါ်လွင်စေခဲ့သူ မင်းသမီးဟာ ဒီဓါတ်ပုံတွေကို တစ်ဦးတည်းရိုက်ကူးခံခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူမခင်ပွန်းရဲ့သူငယ်ချင်းဖြစ်သူ ချာလီဆိုသူဟာ ဒီ ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာဖြစ်ပြီး အဲ့ဒီလူကတော့ ဒီ ဓါတ်ပုံတွေ ထွက်ပေါ်လာရခြင်းဟာ သူ့ကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ မင်းသမီး ‘တက်’ကတော့ သူတို့တတွေဟာ ဒီ ဓါတ်ပုံတွေကို သိမ်း ဆည်းထားပေးမယ်လို့သာ ယုံကြည်နေခဲ့ပြီး အပြင်လူထုထဲကို ဒီလို ဖြန့်လိမ့်မယ်လို့ မထင်ခဲ့မိကြောင်း ပြောထားပါတယ်။

ဓါတ်ပုံတွေ စတင်ထွက်ပေါ်လာစကတော့ ဒီပုံတွေဟာ လှေအငှားလိုက်သူတွေရဲ့လက်ချက်လို့ အထင်မှားခဲ့ပြီး မင်းသမီးမှ အငှားကုမ္ပဏီကို တရားစွဲဆိုဖို့ ပြင်ဆင်တဲ့အနေနဲ့ ရှေ့နေဖြစ်သူတစ်ဦးကို ဖနုန် ယိုသင် ရဲ စခန်းကို စေလွှတ်ခဲ့တာပါ။

မင်းသမီးကတော့ “ သိပ်ဆိုးဝါးတဲ့ ကံကြမ္မာပါပဲ၊ တကယ့်ကို အဖိုးအခကြီးသွားပြီ။ လူတစ်ဦးက ဒီလို ကောက်ကျစ်ပြီး ရိုက်ကူးဖြန့်ထုတ်လိုက်တဲ့ ဓါတ်ပုံတွေကြောင့် ကျွန်မတို့အများကြီး နစ်နာပါတယ်” လို့ ရေးသားထားပါတယ်။ ဒါ့အပြင် မင်းသမီးအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အချိုးစားပြေပြစ်မှု မရှိသေးတဲ့အချိန်မှာ ပရိတ်သတ်တွေကိုလည်း ဒီလိုပုံစံမျိုးနဲ့ သူမကိုမမြင်တွေ့စေချင်ဘူးလို့လည်း ဆိုပါတယ်။

အဲဒီ အချိန်တုန်းက လှေပေါ်မှာ လူ (၄)ယောက် ရှိနေခဲ့တာပါ။ နှစ်ဦးဟာ အစားအသောက် ပြင်ဆင်ပေးတဲ့ သူတွေဖြစ်ပြီး နောက်ထပ်နှစ်ဦးကတော့ ချာလီဆိုသူနဲ့ ရွက်လှေ ပဲ့ကိုင်သူပဲ ဖြစ်ပါတယ်။ “ဒီလိုပြဿနာတွေ မဖြစ်လာအောင် ကျွန်မကြိုတင်ပြောထားခဲ့သင့်ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မသားလေးကို ပြုစုပျိုးထောင်ဖို့ပဲ အချိန်တွေ ပေးထားခဲ့ပါပြီ။ ဒါပေမယ့် လှေပေါ်မှာပါလာတဲ့ ၀န်ထမ်းတွေကတော့ စိတ်ပျက်စရာ ကောင်း လှပါတယ်” လို့ မင်းသမီးက ပြောဆိုထားပါသေးတယ်။




သူ့ကိုယ်သူ ရိုစ့်လို့ ခေါ်တဲ့ လှေပေါ်က ၀န်ထမ်းတစ်ဦးကတော့ အဲဒီဓါတ်ပုံတွေကို သူတို့ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူးလို့ ငြင်းချက်ထုတ်ထားတဲ့အပြင် မင်းသမီးရဲ့စွပ်စွဲချက်တွေကလည်း ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအမျိုးသမီးကပဲ “ ကျွန်မတို့တတွေဟာ ကျွမ်းကျင်ဝန်ထမ်းတွေပါ၊ ပြီးတော့ မင်းသမီး ‘တက်’က ကျွန်မတို့ အလုပ်လုပ်နေတဲ့ လှေကို ပထမဦးဆုံး ငှားစီးတဲ့ နာမည်ကျော် အနုပညာရှင်လည်း မဟုတ်ပါဘူး။ သူ့ရဲ့အပြုအမူတွေက တကယ်ဆို ပိုလို့တောင် ရိုင်းစိုင်းလို့ နေပါသေးတယ်”လို့ ပြောဆိုထားပါသေးတယ်။

ဒီလို အပြန်အလှန်တွေ ပြောဆိုငြင်းခုန်ရင်းနဲ့ ပေါ်ထွက်လာတဲ့ အချက်ကတော့ ခင်ပွန်းသည် ဘွန်ချိုင်းရဲ့ သူငယ်ချင်း ချာလီပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့သူကတော့ ချာလီပါ။ အဲဒီအချိန်မှာမှ မင်းသမီးအနေနဲ့ ပြန်လည်သတိရလာတဲ့ အချက်ကတော့ ချာလီဟာ သူ့ရဲ့ပုံတွေကို ဖုန်းကင်မရာနဲ့ ရိုက်ကူးထားကြောင်း သူ့ထံကို ဆက်သွယ်လာခဲ့တဲ့ အကြောင်းပါပဲ။ ဒါပေမယ့် ချာလီကတော့ ဒီပုံတွေ ထွက်ရှိလာတာဟာ သူ့ကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုပြီး လှေပေါ်က ၀န်ထမ်းတွေဆီကသာ ထွက်ပေါ် လာတာဖြစ်တယ်လို့ ၀န်ထမ်းတွေကို အပြစ်တင်ခဲ့တာပါ။

“ချာလီ က ရို့စ်ဆီက ဖုန်းနံပတ်တောင်းခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ ရို့စ်ဟာ မင်းသမီးရဲ့ပရိတ်သတ် တစ် ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး သူမရဲ့ဖုန်းနံပတ်ရရင် မင်းသမီးရဲ့ဓါတ်ပုံတွေကိုပါ ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။”လို့ နောက်ပိုင်းမှာ မင်းသမီးက ထပ်လောင်းပြောဆိုပြီး သူမရဲ့ပုံတွေကို ရောင်းစားတာဟာ ရို့စ်ပါလို့ စွပ်စွဲခဲ့ပါတယ်။

“နင်နဲ့ငါ ပြဿနာမဖြစ်ချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နင်ဟာ အရေးမပါတဲ့ လူတစ်ယောက်ဖြစ်လို့ပဲ။ နင်ဟာ လှေပေါ်က အညံ့စား ၀န်ထမ်းတစ်ဦးပဲ၊ နင်ဘာပြောပြော ငါကတော့ စိတ်မ၀င်စားဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နင်နဲ့ ငါက အခြေအနေချင်း ကွာခြားတယ်။ ငါနဲ့ လာမနှိုင်းချင်စမ်းပါနဲ့။” ဆိုတဲ့ စကားတွေကို မင်းသမီး တစ်ယောက် ပြောထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပရိတ်သတ်တွေရဲ့သနားကြင်နာမှုတွေဟာ ရို့စ်ဘက်ကို အလေးသာခဲ့ပြီး အင်တာနက်ပေါ်က ပရိတ်သတ်တွေကလည်း အဆင့်အတန်ခွဲခြားတတ်တဲ့ မင်းသမီး “တက်”ရဲ့ ဆန့်ကျင်ဘက်ကို ရောက်ရှိသွားကြတော့တာပါ။

အဲဒီလိုအဖြစ်မျိုးကြုံလိုက်ရတဲ့ မင်းသမီးကတော့ သူမဟာ တိုက်ခိုက်မှုကို ခံနေရတဲ့သူဖြစ်ပြီး အဆင့်အတန်း ခွဲခြားပြောဆိုနေတာထက် ပြောခဲ့တဲ့စကားတွေဟာ ရို့စ်ရဲ့ အပြုအမူတွေကို ဖော်ပြဖို့သာဖြစ်ကြောင်း ဖြေ ရှင်းချက် ပေးလာပြန်ပါတယ်။ ဒါ့အပြင် “ချမ်းသာတဲ့ ယောကျာ်းတစ်ယောက်ကို အရယူထားလို့ အပြစ်မတင်ပါနဲ့။ ကျွန်မတို့ တကယ်ချစ်လို့ လက်ထပါခဲ့ကြတာပါ။ ကျွန်မမှာ ခုထိ ငရုတ်ရည်ရောင်စားနေတဲ့ မိခင်ရှိ ပါသေးတယ်၊ ကျွန်မအောက်ခြေလွတ်နေတာမဟုတ်ပါဘူး။”လို့လဲ ပြောဆိုထားပါသေးတယ်။

ရို့စ်ကတော့ မင်းသမီးရဲ့ဓါတ်ပုံတွေ သူ့ဆီက ထွက်လာတာ ဟုတ်မဟုတ်ကို တရားရုံးတော်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီကိစ္စအတွက်လည်း ရဲများမှ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပါတယ်။


ခင်အေးမြလွင်
Irrawaddy

အိုဘားမားကို လက်ထပ်ခွင့်တောင်းတဲ့ ဇင်ဘာဘွေ သမ္မတ

အမေရိကပြည်နယ် ၅၀ လုံးမှာ လိင်တူခြင်းလက်ထပ်ထိမ်းမြားခွင့် ဥပဒေကို အတည်ပြုပေးလိုက်တဲ့
အတွက် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက အိုဘားမားကို နောက်ပြောင်ပြီး လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။

အိမ်ဖြူတော်ကိုအလည်သွားပြီး ဒူးတဖက်ထောက်ကာ အမေရိကန်သမ္မတအိုဘားမားကို လက်ထပ်ခွင့်တောင်းမယ်လို့ ရေဒီယိုတစ်ခုနဲ့ မေးမြန်းခန်းမှာ နောက်ပြောင်ခဲ့ပါတယ်။ လိင်တူခြင်းလက်ထပ်ခွင့်ကို အတည်ပြုပေးခဲ့တဲ့ အမေရိကန်အစိုးရကို အရွဲ့တိုက်တဲ့ မှတ်ချက်လည်းဖြစ်ပါတယ်။

Planet Myanmar News

အိုဘားမားကို လက်ထပ်ခွင့်တောင်းတဲ့ ဇင်ဘာဘွေ သမ္မတhttp://www.themeltingpot4u.com/2015/06/blog-post_7512.html
Posted by The Melting Pot 4 U on Tuesday, 30 June 2015

ကျောင်းသားတွေ ရုံးထုတ်၊ သတိလစ်သွားသူ ကိုခင်လှိုင်ကို ရန်ကုန်ဆေးရုံကြီးသို့ပို့

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ၀န်းရံသူ ၆၈ ဦးကို သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ၀န်းရံသူ ကိုခင်လှိုင်ဆိုသူဟာ သတိလစ်သွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။

ကိုခင်လှိုင်ရဲ့ ကျန်းမာရေးအခြေအနေအရ အကျဉ်းထောင်ထဲမှာ ကုသနေတာ အဆင်မပြေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကိုပို့ပေးဖို့ တောင်းဆိုတာကို သာယာဝတီဆေးရုံအုပ်ကြီးက လက်ခံလိုက်တာဖြစ်တယ်လို့ လိုက်ပါကူညီနေတဲ့ ကိုဗသက်အောင်က ပြောပါတယ်။

"ကျနော်တို့ လိုက်ပါကူညီတဲ့လူတွေကိုခေါ်တယ်၊ သူ့အိမ်က မလာနိုင်ဘူး၊ ဆေးရုံအုပ်ကြီးက ကိုခင်လှိုင် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်သလဲဆိုတော့ ကျနော်တို့ကတော့ ထောင်ထဲမှာ သူ့ကိုဒီလိုကုနေတာဟာ အဆင်မပြေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ကုသခွင့်တောင်းဆိုပါတယ် လို့ဆိုတော့ သူကပေးပါမယ်တဲ့၊ သူ့ရဲ့ကျန်းမာရေး အခြေအနေကလည်း ပေးသင့်တယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်ဟာ အစာစားပြီး ပျို့အန်နေတဲ့ အနေအထားကို တွေ့နေရတာ ဒါမကောင်းဘူးပေါ့၊ အဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို လွှဲပေးမယ်ဆိုပြီး refer ပေးလိုက်ပါတယ်"

ကိုခင်လှိုင်ဟာ အစာအိမ်ရောဂါ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကု သမှုခံယူခဲ့ပြီး အာမခံမရတဲ့အတွက် သာယာဝတီကို ပြန်လည်ရောက်ရှိနေတာ နှစ်ပတ်ရှိပြီဖြစ်ပါတယ်။

အလားတူ အားပေးကူညီသူ ကိုတင်ဝင်းဟာ ရန်ကုန်ဆေးရုံကြီးမှာ အခုလက်ရှိဆေးကုသမှုခံနေဆဲဖြစ်ပြီး ကိုတင်ဝင်း အပါအ၀င် အာမခံလျှောက်ထားသူ ၁၅ ဦးအတွက် လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ အာမခံပေး၊ မပေး အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတဲ့ ပညာရေးသပိတ်မှောက် ကျောင်းသား ၃၅ ဦးကို ထောင်ဝင်စာပြန်ဖွင့် မပေးမချင်း ကျန်ဖမ်းဆီးခံကျောင်းသား အားလုံးကလည်း သူတို့ထောင်ဝင်စာမတွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေထဲက ၃၅ ဦးကို သီတင်းနှစ်ပတ်ကနေ တစ်လခွဲအထိ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရုံးထုတ်လာစဉ်မှာ အခုလိုဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဒေါက်တာနေဝင်းက ပြောပါတယ်။

"ပြန်ခါနီးကျတော့ ကျောင်းသားတွေက ဆုံးဖြတ်ချက်တစ်ခုချတယ်တဲ့၊ သူတို့ကို ထောင်ဝင်စာ ၃၅ ယောက် ပိတ်ထားတယ်လေ၊ တချို့ကို နှစ်ပတ်ပိတ်တယ်၊ တချို့ကို လေးပတ်ပိတ်တယ်၊ တချို့ကို ခြောက်ပတ်ပိတ်တယ်၊ အယောက် ၂ဝ ကို နှစ်ပတ်ပိတ်တယ်၊ ၁ဝ ယောက်ကို လေးပတ်ပိတ်တယ်၊ ၅ ယောက်ကို ခြောက်ပတ်တောင် ပိတ်တယ်၊ အဲ့အခါကျတော့ ကျန်တဲ့လူတွေပါ ထောင်ဝင်စာ မတွေ့တော့ဘူးတဲ့၊ သူတို့ကိုထောင်ဝင်စာ ပြန် ဖွင့်ပေးမှ ကျန်တဲ့သူတွေ ထောင်ဝင်စာတွေ့မယ်လို့ သူတို့အစည်းအဝေးလုပ်ကြပြီးတော့ ဆုံးဖြတ်ချက်ချတယ်"

RFA Burmese
http://www.rfa.org/burmese

မှတ်ပုံတင်မရှိသော တိုင်းရင်းသားများအားလုံး မဲပေးခွင့်ရရှိမည်


မြန်မာနိုင်ငံအရပ်ရပ်ရှိ မှတ်ပုံတင် မရှိဘဲ နေထိုင်ခဲ့သော ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲကြီးကာလ အတွင်း လွတ်လပ်သော မဲပေးခွင့်တရပ် ရရှိကြမည်ဖြစ်ကြာင်း မြန်မာနိုင်ငံအနှံ့ အပြားတွင် မဲရုံတထောင်ကျော်ကို ကြား နေစောင့်ကြည့်မည့် အဖွဲ့ခေါင်းဆောင် ဦးစိုင်ကျော်စွာမြင့်က ပြောကြားသည်။

ဆန္ဒမဲပေးနိုင်သော မြန်မာနိုင်ငံ အနှံ့အပြားတွင်နေထိုင်သော ဒေသခံများ စွာမှာ မှတ်ပုံတင်ကို မိဘဘိုးဘွားများက အစ မပြုလုပ်ခဲ့ဘဲနေထိုင်သူ များစွာရှိနေ ပြီး ထိုသူများတွင် ကျေးလက်နေပြည်သူ များစွာပါဝင်နေကြောင်း၊ အဆိုပါမြန်မာ နိုင်ငံအတွင်း မျိုးဆက်သုံးဆက်နေထိုင်ပြီး သူများနှင့် ဘိုးဘွားအစဉ်အဆက်နေထိုင် ခဲ့သော်လည်း မှတ်ပုံတင်မရှိဘဲ နေထိုင်သူ များအနေဖြင့် ရပ်ကျေးကော်မတီသုံးရပ်က ထောက်ခံပါက ထိုသူများ၏ဆန်္ဒအရ မိမိတို့ ကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်လောင်းကို မဲပေးခွင့်ရရှိကြမည်ဖြစ် ကြောင်းလည်း သိရသည်။

““ကျွန်တော်တို့ဒေသမှာ နိုင်ငံခြား ထွက် အလုပ်လုပ်တဲ့သူသာ မှတ်ပုံတင် လုပ်ကြတာပါ။ အချို့ဆိုရင် အသက်သုံး ဆယ်ကျော်တာတောင် မှတ်ပုံတင်မရှိသူ တွေ အများကြီးရှိပါတယ်။ အချို့နေရာများ တွင် အသက်တရာကျော်ရှိနေသူတွေ တောင် အများကြီးရှိပါတယ်။ သူတို့တွေမှာ မှတ်ပုံတင်မရှိကြဘူး။

သူတို့တွေကလည်းဘယ်မှမသွားကြပါဘူး””ဟု မြေလတ် ဒေသနေ ပြည်သူများစွာထံက ပြောဆိုကြ သည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူများစွာ ကို အလွယ်တကူမဲပေးနိုင်ရန် ပြည်ထောင် စုအစိုးရက ကျေးလက်ဒေသများအထိ နိုင်ငံသားစိစစ်ဆေးကတ်ပြားများ ငွေ ၆ ကျပ်ဖြင့် ပြုလုပ်ပေးနေသော်လည်း နေရာ များစွာတွင် ကျပ် ၂၅၀၀ မှ ကျပ် ၃ ထောင်အထိ ပေးနေရသောကြောင့်အဆိုပါငွေကြေးကိုအပိုမသုံးချင်သော နိုင်ငံသားများအနေဖြင့် မှတ်ပုံတင်ကတ် ပြားများ မလုပ်ကြကြောင်းလည်း သိရ သည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ ၃၃ သန်းကျော်ရှိမည်ဟု ရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူများက ခန့်မှန်းထားသော် လည်းအများစုမှာ ရွေးကောက်ပွဲကို စိတ် မ၀င်စားဘဲရှိနေပြီးထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတနိုင်ငံတည်း မဟုတ်ဘဲသြစတြေးလျနိုင်ငံကလွဲပြီးကမ်္ဘာ့နိုင်ငံများတွင်မဲပေးချင်သူအရေအတွက် ကျဆင်း နေကြောင်းလည်း စာရင်းဇယားသုတသန ပြုချက်များအား ရည်ညွှန်းလျက် ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရသေ့တောင်မြို့နယ်မှဒေသခံများ တိုက်နယ်ဆေးရုံရရှိရေး ဆန္ဒထုတ်ဖေါ်


ဇွန်လ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ တိုက်နယ်ဆေးရုံတစ်ခုရရှိရေး အတွက်ဒေခံများက ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်တန်းတိုက်နယ်အုပ်စုတွင် ကျေးရွာပေါင်း ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်နှင့် သွားလာရခက်ခဲ့ ကာ ဒေသခံများ၏ ကျန်းမာရေးအတွက် များစွာထိခိုက်လျက်ရှိကြောင်းလည်းသိရသည်။

“ ဒီတိုက်နယ်မှာ ဆေးရုံမရှိတဲ့အတွက် ဒေသခံတွေအများကြီး ကျန်းမာရေးအတွက် ဒုက္ခရောက်ကြရတယ်။ နာမကျန်းလို့ ရသေ့တောင်ကိုသွားဆေးကုမယ်ဆိုရင် ဘုတ်နဲ့ ၅ နာရီ လောက်မောင်းရတယ်။ အထက်ကို တင်ပြတာလဲကြာပြီ၊ ဒါပေမဲ့အခုထိကျမလာအတဲ့အတွက် ကျွန်တော်တို့အခုလို ဆန္ဒဖေါ်ထုတ်ရတာ ဖြစ်တယ်။ တစ်ချို့ လူနာတွေဆိုရင် ဆေးရုံကိုသွားရင်းနဲ့ လမ်းမှာသေဆုံးသွားရတာတွေလဲရှိတယ်”ဟု ဆန္ဒဖေါ်ထုတ်မှုကို ဦးဆောင်သူ ဦးမောင်သောင်းချေကပြောသည်။


လက်ရှိကျောက်တန်းတိုက်နယ်ကျေးရွာများတွင် ကျေးလက်ဆေးပေးခန်းသာရှိပြီ မြို့ကိုသွားရန်ရေလမ်းကို သာအထိကသွားလာနေရကြောင်းနှင့် မိုးရာသီဖြစ်သည်အတွက်ပို၍ သွားလာရခက်ခဲ့နေကြကြောင်း၊ ကျောက်တန်း တိုက်နယ်တွင် လူဦးရေ ၃၅၀၀၀ ကျော်ခန့်နေထိုင်လျက်ရှိရာ တိုက်နယ်ဆေးရုံ တစ်ခုမဖြစ်အနေလို အပ်နေကြောင်း လည်းသိရသည်။

“ကျွန်တော်တို့ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှာ ရွာပေါင်း ၄၃ ရွာရှိပါတယ်။ လူဦးရေအားဖြင့် ၃၅၀၀၀ ကျော်ရှိတယ်။


အဲဒီမှာ ဆေးပေးခန်းတစ်ခုတည်းသာရှိတယ်။ ဒါ့ကြောင့်ကျွန် တော်တို့ဒေသမှာကျန်းမာရေး စောင့်ရှောက်မှုအဓိကလိုအပ်နေတဲ့အတွက် ဆေးရုံတစ်ရုံလျှောက်ထားတာ သုံးနှစ်ခန့် ရှိပါပြီ။ အဲဒါ အခုထိဘာမှမရရှိသေးတဲ့အတွက် အစိုးကမသိလို့လား။

ဒါမှမဟုတ် ပြည်နယ်ကပဲခုထားလို့လားဆိုတာကို အခုထိ သိရသေးတဲ့အတွက် အခုလို ဆန္ဒထုတ်ဖေါ် လိုက်ရတာပါ”ဟု ဆန္ဒထုတ်ဖေါ်မှုတွင်ပါဝင်သူ ဒေသခံတစ်ဦးကလည်း ပြောသည်။

ယင်းဆန္ဒဖေါ်ထုတ်မှုတွင် လူအင်းအား ၂၀၀ ကျော်ခန့်ပါဝင်ခဲ့ကြပြီး၊ နေ့လည် ၁၂ နာရ်ီမှစတင်ခဲ့ကြကာ နေ့လည် ၁ နာရီအချိန်၌ ပြီးဆုံးခဲ့ကြကြောင်းလည်းသိရသည်။

မောရဇော်(ကျောက်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဖွဲ့စည်းပုံပြင်ရေး ကျောင်းသားတွေ ဆန္ဒပြ


လွှတ်တော်ထဲ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက် လွှတ်တော်မှာ မအောင်မမြင် ဖြစ်ခဲ့တဲ့နောက်၊ အခုလို ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

လွှတ်တော်တွင်းမှာ လူထုက ရွေးကောက် တင်မြှောက်တာမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ပေးထားတဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲထားတာ မဟုတ်ဘဲ လူတစု၊ တဖွဲ့ရဲ့ ကောင်းစားရေးကို အခြေခံ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်လို့ ဒါကို လက်မခံနိုင်ဘူးလို့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒြုပကြတဲ့ ဦးဆောင် ကျောင်းသားတွေက ပြောပါတယ်။ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ စံနှုန်းစံညွှန်းတွေနဲ့ မညီသ၍ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုသွားမယ်လို့ ဦးဆောင် ဆန္ဒပြ ကျောင်းသားလူငယ်တဦးဖြစ်တဲ့ ကိုရဲဇာနည်က ပြောပါတယ်။

“အဓိကကဗျာ - ဖွဲ့စည်းပုံပြင်ဆင်ရေးကာလမှာ ကျနော်တို့က ပြည်သူ့ဆန္ဒ၊ ပြည်သူကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြောနေတယ်ဗျာ။ အဲဒီကာလမှာ ကျနော်တို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါ့ဗျာ ပြည်သူ့ဆန္ဒနဲ့အညီ မပြင်ဘဲနဲ့ လွှတ်တော်တခုလုံးကနေ ကန့်ကွက်နေတယ်ဗျာ။ အထူးသဖြင့် ရွေးကောက်ခံ မဟုတ်ဘဲနဲ့၊ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအရ မတရားယူထားတဲ့ တပ်မတော် ၂၅% က ပြည်သူ့ဆန္ဒနဲ့အညီ မဟုတ်ဘဲနဲ့ တဦးတယောက်၊ တဖွဲ့တစည်းရဲ့၊ သူတို့အားထားရမယ့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ပြည်သူ့ဆန္ဒကို ငြင်းပယ်နေတာကိုတော့ ကျနော်တို့ လက်သင့် မခံနိုင်ဘူးလေ။ အဲဒီတော့ ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို ကြိုးစားတာပေါ့။ ရုန်းကန်ကြတာပေါ့။”

ညနေ ၃ နာရီလောက်ကစပြီး သိမ်ကြီးဈေးကနေ ဆူးလေအထိ ကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ပြီး လမ်းလျှောက် ချီတက်ခဲ့ကြတာမှာ အာဏာပိုင်တွေဘက်က အင်အားသုံး ဟန့်တားတာတွေ ရှိခဲ့တယ်လို့လည်း ကိုရဲဇာနည်က ပြောပြပါတယ်။

“လမ်းမှာကျနော်တို့ သုံးခါလောက် အပိတ်ခံရတယ်။ လမ်းမှာဆိုရင် ဒိုင်းတွေနဲ့ ရဲတွေက အင်အားသုံးပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးပြီးတော့ အကြမ်းဖက်ပုံစံမျိုး ပြုလုပ်တယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့ ဖောက်ထွက်လာခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့ ပြတဲ့အချိန်မှာ ကျောင်းသူတွေ အများကြီး ပါတယ်ဗျာ။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြတာလို့ ပြောတဲ့အခါမှာ ကျနော်တို့ ထွက်မယ်ဆိုတော့ တွန်းထားတယ်ဗျာ။ ရုန်းရင်းဆန်ခတ်ပဲဗျ။ ကိုယ်ထိလက်ရောက် ရှိလား မရှိလားတော့ စဉ်းစားသာကြည့်တော့။ ကျနော်တို့ အမျိုးသမီးတွေ ပါတယ်ဗျာ။ ကျောင်းသူတွေ။ ကျနော် ပြောချင်တာကတော့ အင်အားသုံးတာပေါ့ဗျာ။ ရဲအင်အား နှစ်တန်း သုံးတန်းလောက်ကို ထားပြီးတော့လေ။ ဒိုင်းက တတန်း၊ လူက တတန်း၊ နောက်မှာ လူနောက်တတန်း။ နှစ်တန်း သုံးတန်းလောက်ကို ထားပြီး ဒီလိုမျိုး အင်အားသုံးပြီးတော့ ကျနော်တို့ကို လုပ်တာ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်တာဗျာ။ ကျနော်တို့ကတော့ ဒီလိုပဲ ခံစားရတယ်။”

ဆန္ဒမပြခင်တုန်းကရော ဒီဆန္ဒပြပွဲအတွက် အာဏာပိုင်တွေဆီမှာ ကြိုတင်ပြီးတော့ ခွင့်ပြုချက် ယူခဲ့တာမျိုးတွေ ရှိသလား။

“ကျနော်တို့က အဲဒီခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က အယုံအကြည် မရှိဘူးဗျ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးဆိုတာ ဒါတွေလုပ်လို့ရပါတယ်။ ငြိမ်းချမ်းစွာ စုဝေးလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဟောပြောလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဖွဲ့စည်းပိုင်ခွင့် ရှိတယ်ဆိုတာ ဒါ နိုင်ငံသားအခွင့်အရေးဗျ။ မူလအခွင့်အရေးဗျ။ အဲဒါကို ကျနော်တို့က စုဖွဲ့ပါမယ်ဆိုပြီး သွားပြီးတော့ ခွင့်ပြုမိန့် တောင်းပြီးမှ လုပ်ရတယ်ဆိုတာ ကျနော်တို့ နိုင်ငံသား အခွင့်အရေးကို အဲဒီလိုမျိုး လုပ်ရမယ့်အရာ မဟုတ်ဘူးလို့ ကျနော်ကတော့ ထင်တယ်။ အဲဒီအတွက် ကျနော်တို့ ကျောင်းသားတွေ တောက်လျှောက်လုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှန်သမျှ ကျနော်တို့ ခွင့်ပြုချက်တင်တယ်ဆိုတာ အယုံအကြည်မရှိတဲ့အတွက် တင်မှာမဟုတ်ဘူးလေ။”

ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုရဲဇာနည် ပြောသွားတာပါ။ လောလောဆယ်မှာတော့ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျောင်းသားဆန္ဒပြသူတွေကို အရေးယူတာမျိုး၊ ဖမ်းဆီးတာမျိုး မကြားရသေးပါဘူး။

လက်ရှိ ဖွဲ့စည်းပုံ အခြေဥပဒေမှာ လူထုက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သားကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတာကြောင့် စစ်တပ်ရဲ့ ပါဝင်ချုပ်ကိုင်မှု အခန်းကဏ္ဍကို ဖယ်ရှားပေးဖို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ စစ်အစိုးရ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်က လွှတ်တော်မှာ ၂၅% နေရာယူထားတာအပြင် တခြား ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ၊ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဒါကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေသလို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် ၇၅% ထောက်ခံချက် မရခဲ့တာကြောင့် ဒီအဆိုပြုချက် လွှတ်တော်တွင်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

မခင်ဖြူထွေး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အိုင်အက်စ်များက ဗြိတိန်ကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်လျက်ရှိကြောင်း ကင်မရွန်းသတိပေး


လန်ဒန် ဇွန် ၂၉

အီရတ်နှင့်ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများသည် ဗြိတိန်ကို ဆန့်ကျင်တိုက်ခိုက်ရန် အတွက် အတိအကျ အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် အနောက်နိုင်ငံများကို ဦးတည်ချက် ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက တနင်္လာနေ့တွင် သတိပေး ပြောကြားခဲ့သည်။

အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ရန်အတွက် အီရတ်နှင့်ဆီးရီးယားရှိ လူများသည် ဗြိတိန်နှင့်အခြားနိုင်ငံများအပေါ် အကြမ်းဖက်လုပ်ရပ်များ ပြုမူဆောင်ရွက်ရန် ကြံစည်လျက်ရှိ ကြောင်းကို ကင်မရွန်းကဘီဘီစီ အသံလွှင့်ဌာနသို့ပြောကြားသည်။

၂ဝဝ၅ ခုနှစ်က လန်ဒန်ရှိ မြေအောက်ရထား ဗုံးခွဲခံရမှုသည် နိုင်ငံသားများအတွက် အဆိုးဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ဗြိတိသျှရဲများက ဖော်ပြခဲ့ကြပြီး သောကြာနေ့က အိုင်အက်စ်သေနတ်သမားတစ်ဦး၏ တိုက်ခိုက် မှုကြောင့် ဗြိတိသျှခရီးသွား သုံးဆယ်သေဆုံးခဲ့ရကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အမေရိကန်တွင် အသေးစားလေယာဉ်ပျက်ကျ၊ သုံးဦးသေဆုံး


နယူးယောက် ဇွန် ၂၉

အသေးစားလေယာဉ်တစ်စင်း ပျက် ကျပြီး အိမ်တစ်လုံးကိုတိုက်မိရာ၊ လေယာဉ် ပေါ်ပါသူ သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံ များက မီးလောင်ကျွမ်းသွားသည့် အိမ် အပျက်အစီးများကို ရှင်းလင်းဆဲဖြစ် ကြောင်း ရဲဌာနက ပြောသည်။

The Beechcraft BE 36 အမျိုး အစားလေယာဉ်မှာ ပြီးခဲ့သောနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပျက်ကျခဲ့ပြီး အိမ်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လေ ကြောင်း စီမံခန့်ခွဲရေးအဖွဲ့ချုပ်မှ ဂျင်ပီ တာက ပြောသည်။

 အဆိုပါလေယာဉ်သည် ပင်နီဆူဗန်နီးယားလေဆိပ်မှ ထွက်ခွာ လာပြီး မန်ဆာချူးဆက်ပြည်နယ်ရှိ နော်ဝု(ဒ်) လေဆိပ်တွင် ဆင်းသက်မည် ဖြစ်သည်။

ဘော့စတွန် အနောက်တောင်ပိုင်း ရှိ ပလိန်းဗေလီအရပ်၌ ပျက်ကျခဲ့ပြီး သုံးနာရီ နီးပါးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးသတ်သမားများက ငြိမ်းသတ်ခဲ့ရ ကြောင်း မန်ဆာချူးဆက်ပြည်နယ် ရဲဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေ့(ဗ်)ပရို ကို ပီရိုကပြောသည်။

 ဒေသခံများကထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လေယာဉ် ပေါ်ပါသူ သုံးဦးမှာ သေဆုံးနေနှင့်ပြီး ဖြစ်ကြောင်း ၄င်းကပြောသည်။

လေယာဉ်မှာဝင်းအတွင်းရှိ အမြင့် ပိုင်းနေရာ၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်နောက်ပိုင်းရှိ တောင်ပံမှာ လောင်ကျွမ်းသွားကာ နှစ်ထပ်အိမ် အဆောက်အအုံကို တိုက်မိခဲ့ခြင်းဖြစ် သည်။

အိမ်နီးချင်းများက ၄င်းတို့၏ အိမ်များအပေါ်တွင်လည်း လေယာဉ် ပျံသန်းပုံမှာ တစ်ခုခုချွတ်ယွင်းနေ သည့် အသံဖြစ်ကြောင်းကို သတိထား မိကြောင်း ပြောသည်။

အင်ဂျင်ပေါက်ကွဲသည့် အသံကို ကြားရပြီး မီးခိုးများကို မြင်တွေ့ရ ကြောင်း လေယာဉ်ပျက်ကျစဉ် အပြင် ဘက်တွင်ရှိနေသော မိုက်ဘရောင်းက သည်ဆန်းသတင်းစာသို့ ပြောသည်။

(ပီတီအိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မြန်မာ့ဆန်ကို သဘောတူထားတဲ့ အတိုင်း တရုတ် မဝယ်

ဆန်အရည်အသွေး သတ်မှတ်ချက်ကို နှစ်နိုင်ငံ သဘောတူပြီးဖြစ်
မြန်မာ့ဆန် အရည်အသွေး သတ်မှတ်ချက် တွေနဲ့ပါတ်သက်လို့ တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘောတူညီချက်တွေရှိပြီး ဖြစ်ပေမဲ့ တရုတ်ဘက်က မြန်မာ့ဆန်ကို သဘော တူတဲ့ အတိုင်း မဝယ်ဘဲ ရပ်ထားလို့ သမ္မတ အဆင့်က ဝင်ညှိပေးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သိန်းကို ၂၀၁၅ ခုနှစ် အတွင်း တရုတ်နိုင်ငံက တရားဝင် ဝယ်ယူဖို့ နှစ်နိုင်ငံ ဝန်ကြီးအဆင့်တွေ သဘောတူခဲ့ပြီး လိုအပ်တဲ့ အရည်အသွေး စစ်ဆေးမှု တွေလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ် နိုင်ငံက အကြောင်း အမျိုးမျိုး ပြပြီး တရားဝင် ဝယ်ယူမှု မပြုတာကြောင့် ဝန်ကြီး အဆင့်ချင်း ညှိလို့ မဖြစ်နိုင်တော့တဲ့ အတွက် သမ္မတ အဆင့်ကနေ ညှိနှိုင်းပေးဖို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်က ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်း အတွင်းမှာ တရုတ်နိုင်ငံဘက်က ဖမ်းဆီးမှုတွေ ရှိနေတဲ့ အတွက် မူဆယ်မှာ ဆန်တန်ချိန် ၅ သောင်းလောက် သောင်တင်နေတယ်လို့လည်း ဝန်ကြီးက ပြော ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်အောင် ကတော့ တရုတ်နိုင်ငံက ဆန်စပါး လိုအပ်ချက်ဟာ တစ်လကို တန်ချိန် ၅ သောင်းကနေ တစ်သိန်း အထိ ရှိကြောင်းပြောပါတယ်။

အရင်က မြန်မာ ဘက်က တရုတ်ကို တရားမဝင် တင်သွင်းမှုတွေကို တရုတ် နိုင်ငံဘက်က မျက်စိမှိတ်ထားပေမဲ့ အခုတော့ ဆန်တွေကို ဖြတ်ခွင့် မပေးတာဟာ နိုင်ငံရေး အခြေအနေတွေ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

တရုတ်နဲ့ဗီယက်နမ်နိုင်ငံ ကြားမှာ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး တင်းမာ နေချိန်က တရုတ်က ဗီယက်နမ် ဆန်ကိုမဝယ်ဘဲ မြန်မာ နယ်စပ်က သွင်းလာတဲ့ ဆန်ကို မသိကျိုးကျွံပြု ဝယ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မူဆယ် နယ်စပ် ကုန်သွယ်ရေးက တဆင့် တရုတ်နိုင်ငံကို ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ ပါတယ်။

အခုအချိန်မှာ ဗီယက်နမ်နဲ့ ဆက်ဆံရေးပြန်လည် ကောင်းမွန် လာတဲ့အတွက် မြန်မာနိုင်ငံက ဆန်ကို မဝယ်ဘဲ ဗီယက်နမ် ဆန်ကို ပြန်လည် ဝယ်ယူနေတယ်လို့ ဆန်ကုန်သည် တွေက ပြောပါတယ်။

ဝန်ကြီး ဘက်က တင်ပြချက်ကို ဒုတိယ သမ္မတ ကတော့ တစုံတရာ တုံ့ပြန် ပြောဆိုမှု မရှိခဲ့ပါဘူး။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ကိစ္စ၊ ကိုးကန့် အရေးတို့နဲ့ ပတ်သက်ပြီး တရုတ် မြန်မာ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကိုလည်း ရိုက်ခတ် လာတာလို့ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့က လည်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ရုံးမှာပြုလုပ်တဲ့ တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနဲ့ အကျိုး စီးပွား မြှင့်တင်ရေး ဦးဆောင် အဖွဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးမြင့်လှိုင်က တင်ပြခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

နယ်မြေတချို့မှာ မဲစာရင်းအမှား ၇၀% အထိ တွေ့ရ

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA
ရွေးကောက်ပွဲ စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ နိုင်ငံရေး ပါတီတွေ ပူးပေါင်းပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက နယ်မြေတချို့ကို စမ်းသပ်နယ်မြေတွေအဖြစ် အခြေခံမဲစာရင်းတွေ ပြန်လည်စစ်ဆေးနေရာ မှာ မဲစာရင်းအမှား ၇၀%လောက်အထိ တွေ့ရှိရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

စမ်းသပ်နယ်မြေတွေသတ်မှတ်၊ လက်တွေ့ကွင်းဆင်းပြီး စာရင်းတွေ ပြန်လည်ကောက်ယူခဲ့တာဖြစ်ပါတယ်။  အဲဒီလုပ်ငန်းများကို ပြီးခဲ့တဲ့စနေနေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဖန်တီးအိမ် ရွေးကောက်ပွဲစောင့်ကြည့် အဖွဲ့က ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

"မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့အဖွဲ့တွေပေါ့၊ ကျမတို့က ဟိုးအရင် Pilot Project တုန်းကပါတော့လေ ၊ လောလောဆယ် ကျမဆီမှာ စာရင်းအတိအကျ မရှိသေးဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့စနေနေ့မှ စလုပ်ကြတာလေ၊ အခု ကျမသိသလောက်ကတော့ တာမွေမှာလည်း ကျမကလေးတွေ အကြောင်းကြားတာ ၇ဝ ရာခိုင်နှုန်းမှားတယ်၊ တချို့နေရာတွေမှာ ၃ဝ ရာခိုင်နှုန်းတဲ့၊ တချို့နေရာတွေမှာ ၅ဝ ရာခိုင်နှုန်းတဲ့"

အခုလိုဆောင်ရွက်တဲ့အခါ တချို့ရပ်ကွက်တွေမှာ အခက်အခဲတွေရှိပြီး ရပ်ကွက်အာဏာပိုင်တွေက တားဆီးတာမျိုးတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

အလားတူNLD ပါတီကလည်း နေပြည်တော်ကောင်စီ နယ်နိမိတ်အတွင်း မဲစာရင်းစစ်ဆေးမူတွေ ဆောင်ရွက်နေရာ မှာ၊  ပါတီဝင်နှစ်ဦး ပိုင်နက်ကျူးလွန်မူနဲ့ အရေးယူခံနေရပါတယ်။ စာရင်းကောက်ယူမှုတွေအရ ၀န်ထမ်းတွေ နေထိုင် ရာရပ်ကွက်တွေဖြစ်တဲ့ ဇဗ္ဗူသီရိမြို့နယ်မှာ လူဦးရေလေးသောင်းဝန်းကျင် မဲစာရင်းကနေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရွေးကောက်ပွဲ ညှိနှိုင်းဖြေရှင်းရေးကော်မတီတွေ ဖွဲ့ရေး ကော်မရှင်ညွှန်ကြား

 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ် Photo: Myo Thant Khaing/RFA
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် "ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော် မတီ" တွေကို ဖွဲ့စည်းကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

အဲဒီ့ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီမှာ ကော်မရှင်က အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံ ကိုယ်စားလှယ်တွေက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ တိုင်းဒေသကြီး တာဝန်ခံပါပါတယ်၊ အဲ့ဒါ ဥက္ကဌပါ၊ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ဒုဥက္ကဌပါ၊ နောက်တိုင်းဒေသကြီးနဲ့ ပြည်နယ်ထဲမှာရှိတဲ့ ရွေးကောက် ပွဲဝင်ရောက်တဲ့ ပါတီတွေကနေပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးစီက အဖွဲ့ဝင်ပါပါတယ်၊ တိုင်းဒေသကြီးမှာရှိတဲ့ သြဇာတိက္ကမရှိတဲ့ အများဆုံးငါးဦးကတော့ အဖွဲ့ဝင်ပါပါတယ်"

အဲဒီကော်မတီတွေဟာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးပါတီအချင်းချင်း အငြင်းပွားမှုတွေနဲ့ မဲစာရင်းပြဿနာတွေကို ဖြေရှင်း ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကော်မတီတွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီး ပြည်နယ်အဆင့်အဖြစ် ၃ ခုစီ ဖွဲ့စည်းမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မိုင်ဒါဇိုလမ်ကို သေဒဏ်စီရင်ရာမှာ ဆက်အသုံးပြုနိုင်


အမေရိကန် ပြည်ထောင်စု အတွင်း သေဒဏ် စီရင် ရာမှာ အသုံးပြု နေတဲ့ အငြင်းပွားဖွယ် ဆေးဝါး မိုင်ဒါဇိုလမ် ကို ဆက်လက် အသုံးပြုဖို့ အမေရိကန် တရားရုံးချုပ် က ခွင့် ပြုလိုက် ပါတယ်။

မိုင်ဒါဇိုလမ် အသုံးပြု ပြီး စီရင် ခဲ့တဲ့ သေဒဏ် တော်တော် များများ မှာ အဆင်မပြေ မှု တွေ ရရှိခဲ့ ကြပါတယ်။

ဥက္ကလာဟိုးမား ပြည်နယ် အကျဉ်းထောင် ထဲ က အကျဉ်းသား ၃ ဦး ကနေ မိုင်ဒါဇိုလမ် အသုံးပြု မှု ကို ပယ်ဖျက်ဖို့ လျှောက်ထားလာတဲ့ အမှု ဟာ တရားရုံးချုပ် မှာ ၅မဲ-၄မဲ နဲ့ ရှုံးနိမ့် သွားတာ ဖြစ်ပါတယ်။

ဥက္ကလာဟိုးမား အပါအဝင် ပြည်နယ် ၃ ခု မှာ ဆေးထိုးသတ် တဲ့ သေဒဏ် စီရင် မှု တွေ မှာ သေဒဏ် စီရင် ခံရသူ ကိုမာ ဝင် သလိုမျိုး အိပ်ပျော် သွားဖို့ ရည်ရွယ်ပြီး မိုင်ဒါဇိုလမ် ကို အသုံးပြု နေပါတယ်။

မနှစ် က ဖြစ်ရပ် တစ်ခု မှာ ဆိုရင် မိုင်ဒါဇိုလမ် အသုံးပြု တဲ့ သေဒဏ် စီရင် မှု တစ်ခု အတွင်း အကျဉ်းသား ဟာ ဝက်ရူးပြန် သလို မျိုး ခြေလက် တွေ ကွေးကောက် ပြီး မိနစ် ၂၀ လောက် ကိုယ်ခန္ဓာ ပြင်းပြင်းထန်ထန် တုန်ယင် ခဲ့ပြီး တဲ့နောက် နှလုံး ရောဂါ နဲ့ သေဆုံး သွား ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မိုင်ဒါဇိုလမ် အသုံးပြု မှု ကို ပယ်ဖျက်ဖို့ လျှောက်ထားလာတဲ့ အမှု ဟာ တရားရုံးချုပ် မှာ ၅မဲ-၄မဲ နဲ့ ရှုံးနိမ့်။

မြန်မာစစ်ဦးစီးအရာရှိချုပ် ( လေ) ရာထူးဖယ်ရှားခံရ


မြန်မာအစိုးရက အဆင့်မြင့် လေတပ်အရာရှိတဦးကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့အကြောင်း သမ္မတရုံးအရာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားတဲ့ကိစ္စဟာ တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ကို ဗုံးဆံတွေ ကျသွားခဲ့တဲ့အပေါ် တရုတ်အစိုးရက ဖိအားပေးလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့စစ်ရေးကို လေ့လာနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးကို ရာထူးကဖယ်ရှားပြီး ဗိုလ်မှူးချုပ်မောင်မောင်ကျော်နဲ့ အစားထိုးခန့်ထား လိုက်တာဟာ ဒီကိစ္စမှာ အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အရေးမယူဘဲ ဗိုလ်ချုပ်ဝေလွင်ကို ဖြုတ်ပစ်တာဖြစ်တယ်လို့ ၀ါရှင်တန်ဒီစီမြို့က မြန်မာစစ်သံရုံးမှာ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါတယ်။

“ကျနော်ပထမဦးဆုံးပြောချင်တာက အခုလက်ရှိ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦးက ပြောရရင် ထိုးအကျွေးခံရတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ တပ်မတော်မှာ အစဉ်အဆက်ပေါ့လေ၊ ကျနော်တို့ရှိစဉ်ကတည်းက အခုထိပါပဲ။ တပ်မတော်စစ်လေယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ စစ်လေယာဉ်ပျံတွေသုံးတာနဲ့ပတ်သက်ပြီးလို့ရှိရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ပဲလုပ်ရပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ လေတပ်စစ်ဆင်ရေးတွေ လုပ်တဲ့အခါမှာ အောက်က ဗိုလ်ချုပ်လွင်ဦးတို့အပိုင်း၊ ဗိုလ်ချုပ်လွင်ဦးရဲ့အထက်မှာ ဗိုလ်ချုပ်ကြီးတယောက်ရှိပါတယ်။ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ သူတို့အပိုင်းကနေပြီးတော့ ဆင့်ကဲ ဆင့်ကဲ တင်ပြပြီးတော့မှ အမိန့်တောင်းခံပြီးတော့မှ ပစ်ခတ်ခွင့်ရပါတယ်။ တကယ့်တကယ် တာဝန်ရှိတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပါပဲ။”

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းက ကြံခင်းတခုထဲကို ဗုံးဆံကျခဲ့တဲ့အတွက် အဲဒီ ဗုံးဆံတွေထိမှန်ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့ရသလို မေလလယ်တုန်းက နောက်ထပ်တကြိမ် ဗုံးဆံတွေကျခဲ့တဲ့အတွက် တရုတ်နိုင်ငံသားအပါအ၀င် နယ်စပ်မှာရှိနေတဲ့ မြန်မာနိုင်ငံသား တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲဒီ ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က အစောပိုင်းမှာ ငြင်းဆိုခဲ့တာတွေ ရှိခဲ့သလို တရုတ်ဘက်က တောင်းပန်ခိုင်းတာတွေလည်း ရှိခဲ့တာပါ။

ဒါပေမယ့် တရုတ်နိုင်ငံအတွင်းကို လက်နက်ကြီးကျည်တွေ၊ ဗုံးဆံတွေ ဒုတိယအကြိမ် ကျသွားပြီးတဲ့နောက်မှာတော့ တရုတ်ဘက်က သတိပေးပြောဆိုတာတွေ ရှိလာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်မှာ စစ်ရေး လေ့ကျင့်တာတွေပါ လုပ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကိုစေလွှတ်ပြီး တောင်းပန် တာနဲ့ တာဝန်ရှိသူတွေကို အရေးယူတာတွေ လုပ်ဆောင်မယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အခုလို ဗိုလ်ချုပ် ဝေလွင်ကို ရာထူးကဖယ်ရှားပစ်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

စစ်အစိုးရလက်ထက်က တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ခဲ့ပေမယ့် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေး တဖြည်းဖြည်း ဆိုးရွားလာနေတာကြောင့် မြန်မာအစိုးရအနေနဲ့ တခြားဒေသတွင်းက နိုင်ငံတွေကို ပြန်လည် ချဉ်းကပ်လာတာ တွေကို တွေ့ရတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က သုံးသပ်ပါတယ်။

တရုတ် - မြန်မာဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ရှိနေတဲ့ချိန်မှာပဲ ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဇူလိုင်လဆန်းမှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို သွားမယ့်ကိစ္စဟာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိစ္စ ဆွေးနွေးဖို့ထက် ပိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုကြဖို့ ရှိတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

“အဓိက ကတော့ အိန္ဒိယနယ်စပ်မှာရှိတဲ့ နာဂသူပုန်နဲ့ ကသည်းသောင်းကျန်းသူကို အကြောင်းပြပြီးတော့မှ အိန္ဒိယပြည်က စစ်ရေးအရ အကူအညီတောင်းခံလိမ့်မယ်။ အိန္ဒိယလက်နက်ကလည်း သိပ်ဆိုးတဲ့လက်နက်တော့ မဟုတ်ဘူးဗျ။ အိန္ဒိယလက်နက်ကလည်း တချိန်က ရုရှားလက်နက်တွေ ကောင်းကောင်းကို သုံးခဲ့တဲ့နိုင်ငံပဲ။ တရုတ်ကို …သုံးနိုင်တဲ့နိုင်ငံကြီး…လက်နက်တွေဖြစ်တာကိုး။ လက်နက်ကိစ္စကတော့ ပါမယ်လေ။ ဘော်ဒါ ကိစ္စလည်းပါမယ်။ …နိုင်ငံရေးကိစ္စလည်းပါမယ့် အနေအထားမျိုးတွေ့ရပါတယ်။ ရှင်းရှင်းပြောရင်တော့ မိုဒီတို့ ဘာတို့နဲ့ သွားတွေ့ထားပြီးတော့မှ သူတို့ ထိတွေ့ထားတဲ့အနေအထားမျိုးတော့ လိုက်လုပ်နေတယ်လို့ ကျနော်မြင်တယ်။ ဒုတိယသမ္မတ (ဦး) ဉာဏ်ထွန်းက ရုရှားသွားတယ်ဗျာ။ အခု (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် အိန္ဒိယသွားတယ်။ တကယ်တော့ နယ်စပ်ဘော်ဒါကိစ္စလေးနဲ့ ဒီလောက်ကြီး ရေးကြီးခွင်ကျယ်လုပ်ပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် သွားစရာမလိုဘူးဗျ။ ကျနော် သိသလောက်ကတော့လေ။”

တကယ်တော့ ဦးသိန်းစိန်အစိုးရ တက်လာပြီးကတည်းက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်မှု လုပ်ငန်းတွေအပေါ် လူထုရဲ့ အမြင်တွေ ပြောင်းလဲလာပြီး အဲဒီလုပ်ငန်းတွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေလည်း တဖြည်းဖြည်း များလာနေတာကြောင့် တရုတ်အစိုးရ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာလူထုရဲ့ ထောက်ခံမှုရရှိနေတဲ့ အတိုက်အခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ကြားလိုက်တာ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တရုတ်က မကြိုက်တော့ဘူး။ မကြိုက်တော့ဘူးဆိုတာကလည်း အဓိကက ဒီစစ်အစိုးရပေါ့လေ။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်ကရော၊ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေလက်ထက်ကတော့ လုပ်ချင်တာလုပ်လို့ရတာပေါ့လေ။ အခု (ဦး) သိန်းစိန်လက်ထက်မှာရော၊ တကယ့်တကယ်ကျတော့ ရေရှည်ကျရင် ပြည်သူလူထုရဲ့ထောက်ခံမှု မရတဲ့အခါမှာ တရုတ်ရဲ့အကျိုးစီးပွားတွေကလည်း ပြည်သူလူထု ထောက်ခံမှုမရရင်- ဒါ အတွေ့အကြုံရှိခဲ့ပြီးပြီ။ ၁၉၆၇ ခုနှစ်၊ တရုတ်-ဗမာ အရေးအခင်းဖြစ်တာတို့၊ လူတွေ မကျေနပ်လို့ရှိရင် သူ့ရဲ့အကျိုးစီးပွားတွေလည်း ပျက်စီးမှာပဲ။ မကြိုက်တဲ့အစိုးရ ကို သူမထောက်ခံချင်တော့လို့ - ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူထုကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကို ကောင်းမလားဆိုပြီးတော့မှ ဗြောင်ပဲ ပြန်ထောက်ခံပြတဲ့ အနေအထားမျိုးလို့ မြင်တယ်လေ။ လက်ရှိ နိုင်ငံရေးအခြေအနေအရတော့ ရွေးကောက်ပွဲအခြေအနေမှာ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ အားလုံးကတော့ စောင့်ကြည့်တဲ့အနေအထားမျိုး ရှိတယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် တရုတ်နဲ့ လက်ရှိ စစ်အစိုးရတပိုင်းပေါ့လေ-အစိုးရနဲ့တော့ ယခင်လို အဆင်မပြေတော့တာတော့ အမှန်ပါပဲ၊ ကိုဇော်ဝင်းလှိုင်ရဲ့။”

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် လက်ခံတွေ့ဆုံတာဟာလည်း နိုင်ငံတော် အကြီးအကဲ မဟုတ်တဲ့ ဧည့်သည်တယောက်ကို တရားဝင် လက်ခံတွေ့ဆုံရိုး အစဉ်အလာမရှိတဲ့ တရုတ်နိုင်ငံအတွက် ဒါဟာ ထူးခြားတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။

မကြာခင် လပိုင်းအတွင်း တိုင်းပြည်အတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ ဒေသတွင်း နိုင်ငံတွေအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှုရနိုင်အောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ သိသာ ထင်ရှားနေတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ

'' သစ်ခွပန်း လှလှလေးတွေ ရှိတယ်နော အရောင်မျိုးစုံတယ်။ အမျိုးအစားလည်း အစုံရှိတယ်။ တစည်းမှ ၅၀၀ပဲနော ̋ ဆိုပြီး ဒီမော့ဆို၊ မြို့မဈေးအပြင်ဘက် မြက်ခင်းပြင်ပေါ်မှာ သစ်ခွပန်းပင်တွေကို ချထားကာ ဈေးလာသူတွေကို ဆီးကြိုပြောနေတဲ့ အသက် ၅၀ အရွယ်အဒေါ်တယောက်ကို တွေ့ရပါတယ်။
သူမရဲ့ခေါင်းမှာ အနီရောင်ခေါင်းပေါင်း (မြေနီ၍ အရောင်ပြောင်းသွားသော ခေါင်းပေါင်း)ကို ပေါင်းထားပြီး မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျှက် ပန်းရောင်း၍ရသော ငွေများကိုထည့်ရန် အဝါရောင်လွယ်အိတ်ငယ်လေးတလုံးကို လွယ်ထားတဲ့ အဒေါ် ဒေါ်ထရေးဇာပဲ ဖြစ်ပါတယ်။

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ (ဓါတ်ပုံ-ကေတီ)
သူမရဲ့ရှေ့မှာ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင် အစရှိတဲ့ သစ်ခွပန်းတွေကို မြက်ခင်းပြင်ပေါ်မှာ ခင်းရောင်းထားပါတယ်။

သူမတို့ မိသားစုဟာ ပန်းခူးရင်း၊ ပန်းရောင်းရင်းနဲ့ တဖက်တလှမ်း ဝမ်းစာရှာနေကြတဲ့ သူတွေပါ။

ဒေါ်ထရေးဇာနှင့် ဦးရီးချက်(အမည်အရင်းမဟုတ်)တို့မှာ သားသမီး (၇)ယောက်ရှိပါတယ်။ ယခုချိန်မှာ အကြီးဆုံးသားလေးမှာ ၁၇ နှစ်နဲ့ မိသားစုအတွက် အပြင်ထွက်ကာ အလုပ်ရှာနေရပါပြီ။

ကျန်တဲ့မောင်ငယ်ညီမလေးလေးတွေ ကျောင်းစရိတ်ကို မိဘနှင့်အတူ ဝင်ငွေတွေကို ရှာနေရသူပါ။ သူတို့လေးတွေရဲ့ မိသားစုလေးက ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆိုရွာမှာ တဲအိမ်ကလေးနဲ့ နေကြတဲ့ မိသားစုလေးပါ။

မနက်မိုးလင်းတာနဲ့ မယားဖြစ်သူက ခင်ပွန်းအတွက် ထမင်းထုပ်၊ ဟင်းထုပ်၊ ရေဗူးနဲ့ ဓားနဲ့ ထည့်စရာအိတ်တို့ကို နောက်လွယ်ထဲထည့်ပေးပြီး တောင်ပေါ်သို့တက်စေပါတယ်။ ရွာနဲ့အကွာအဝေး ၂နာရီခွဲခရီး သွားပြီး ပန်းခူးရပါတယ်။

ဒီပန်းလေးမရှာခင်မှာ ဦးရီးချက်တို့ဟာ တောထဲတောင်ထဲမှာ ထင်းရူးဆီတွေကို လိုက်တူးရင်း မြို့တက်ရောင်းတဲ့ အလုပ်ကို လုပ်ပါတယ်။

နောက်ပိုင်းမှာ ထင်းရူးဆီတွေက လိုက်ရှာတဲ့သူတွေ များလာတဲ့အတွက် ရှာတဲ့သူတွေကလည်း အဆီတွေကိုပဲ အကုန်ရှာကြတော့ ထင်းရူးဆီတွေ ရှာရတာ ခက်ခဲလာတယ်။

ထင်းရူးဆီခုတ်ရတာရယ်၊ ထမ်းရတာရယ် အရမ်းလေးတယ် ရလာတဲ့ထင်းရူးဆီတွေကို အိတ်ထဲထည့်ပြီး မြို့ပေါ်တက်ရောင်းတော့ တအိတ်ကိုမှ ကံကောင်းရင် ၃၀၀၀ လောက်ပဲရနိုင်ပါတယ်လို့ ဦးရီးချက်က ပြောပြပါတယ်။

ဒါကြောင့် နောက်ပိုင်း ထင်းရူးဆီခုတ်တဲ့အလုပ်ကို မလုပ်တော့ပဲ တခြားအလုပ်ကို ရှာလုပ်ဖို့ ဆုံးဖြတ်လိုက် ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

သစ်ခွပန်းနဲ့ ဝမ်းစာရေးဖြေရှင်းကြသူများ (ဓါတ်ပုံ-ကေတီ)
ဒီလို အလုပ်တွေ တခုပြီးတခု ပြောင်းလုပ်ရတာကို ကြည့်ခြင်းအားဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်ရပြီး အလုပ်အကိုင်အဆင်မပြေ၊ အလုပ်အကိုင်မရှိတဲ့ အတွက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိနိုင်ပါတယ်။

ထင်းရူးဆီခုတ်ပြီးနောက်ပိုင်း မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေနိုင်မှန်းသိတဲ့ ဦးလေးကြီးက အခြားအလုပ်ပြောင်းလုပ်ဖို့ စဉ်းစားရပါတော့တယ်။

နောက်ထပ်အလုပ်တခုက တောထဲမှာရှိတဲ့ ကြိမ်စေ့တွေကို လိုက်ကောက်ပြီး မြို့တက်ရောင်းရတဲ့အလုပ်ပေါ့။ အဲ့ဒီလို ကြိမ်စေ့တွေကို လိုက်ကောက်ရင်း အသက်မွေးကြရပြန်ပါတယ်။

ဒါပေမယ့် ကြိမ်စေ့ဆိုတာက သူ့ရာသီနဲ့သူ သီးပြီးကြွေကျတဲ့အသီးမျိုး။ သူ့ရာသီကုန်သွားရင်တော့ ကောက်ရောင်းစရာမရှိတော့တဲ့ အသီးမျိုးဖြစ်ပါတယ်။ ကြိမ်စေ့ကို ၁ပုံးကောက်ရဖို့ အချိန်အကြာကြီးပေးရပါတယ်။ အစေ့လည်းသေး၊ အရောင်ကလည်း မြေကြီးဝါရောင်ဆိုတော့ ကောက်ရတာ လက်ဝင်လှပါတယ်။

အဲ့ဒီကြိမ်စေ့ကို ၁ပုံးကောက်ရပြီးရင် တခေါက်ပြန်လှော်ရပါတယ်။ လှော်ပြီးမှ ဈေးထဲသွားရောင်းရတာပါ။ ၁ပုံးလုံးရောင်းကုန်မှ လက်ထဲမှာငွေလေး (၆၀၀၀)ရောက်ရှိလာမှာ ဖြစ်ပါတယ်။ တပတ်မှာမှ ၁ပုံး၊၂ပုံးလောက်ပဲ ကောက်ရရင် မိသားစုဝမ်းရေးအတွက် ဝမ်းစာရေးမလုံလောက်ဘူးလို့ ဦးရီးချက်က ပြောပါတယ်။

“လယ်လုပ်ပြန်ရင်လည်း မိုးကခေါင်၊ ရေကရှားနဲ့ လယ်ယာလုပ်လို့ မရနိုင်ပြန်ပါဘူး။ သူများနဲ့ လိုက်ပြန်ရင်လည်း လုပ်စရာအလုပ် နည်းနည်းပဲရှိလို့ မခေါ်ပြန်ဘူး။ ဒါကြောင့် ထင်းရူးဆီလိုက်ရှာလိုက်၊ ကြိမ်စေ့ကောက်လိုက်နဲ့ပဲ ကျင်လည်ခဲ့ရပါတယ်။” ဟု ဦးရီးချက်က ပြောသည်။

အိမ်ထဲမှာ ကလေးငယ်တွေ ပြေးလိုက်လွှားလိုက်နဲ့ ရှုပ်နေတဲ့ကြား ဦးလေးကအချိန်ပေးပြီး ကျမကိုပြောပြနေရှာပါတယ်။

နောက်ပိုင်း သစ်ခွပန်းလေးတွေ လိုက်ရှာရင်း၊ သစ်ခွပန်းလေးတွေကလည်း ဈေးကောင်းရတော့ မိသားစုအတွက် နည်းနည်းချောင်လည်လာတယ်လို့ဆိုပါတယ်။

တော၊တောင်တွေထဲမှာ သစ်ခွပန်းလေးတွေ ရှာရင်းနဲ့ တခါတလေ ̏ ဝဥ ̋ လေးတွေ၊ ပင်လယ်မြနန်း အစရှိတဲ့ ဆေးဖက်ဝင်ရှားပါး ဥလေးတွေ ရလာတဲ့အချိန်ဆိုရင် အိမ်ကလိုအပ်တဲ့ ဆန်ဆီဆားတွေ ပြန်ဝယ်နိုင်တယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ ဆေးဥလေးတွေနဲ့ သစ်ခွပန်းလေးတွေကို တရုတ်အဝယ်တော်တွေက အိမ်ထိလာရောက်ဝယ်ယူကြပါတယ်။

သစ်ခွပန်းရှာပုံတောမှာလည်း အသက်အန္တာရာယ်ကြားထဲကနေ အလုပ်လုပ်နေရကြရပါတယ်။ ရွာနဲ့ နှစ်နှစ်ရာခွဲလောက်သွားပြီး တောထဲရောက်ရင် သစ်ပင်ပေါ်စ တက်ရပါပြီး ပန်းခူးတဲ့ အချိန်မှာလည်း သတိ၊ ဝိရိယရှိရပါမယ်။ လှမ်းခူးလို့ မှီနိုင်တဲ့အပင်ကို ခူးခဲ့ပါတယ်။ အပင်အခြေအနေကို ကြည့်ပြီးတော့ ခူးရပါတယ်။

သစ်ကိုင်းမခိုင်ရင်တော့ ဝါးနဲ့ ပန်းပင်ကိုလှမ်းထိုးရပါတယ်။ တခါတလေမှာ လှမ်းထိုးရင်း ချောက်ထဲကျသွားတတ်ပါတယ်။

တခါတလေမှာ သစ်ပင်ကို ဖက်တွယ်ပြီးတက်ရတဲ့ အတွက်ကြောင့် ပိုးကောင်ယားတွေ၊ ပုရွက်ဆိတ်နီနီလေးတွေ ကိုက်တဲ့ဒါဏ်ကိုလည်း ခံရပါတယ်။ တချို့ အရမ်းလှနေပေမယ့် ခူးလို့မရတော့တဲ့အတွက်ကြောင့် လက်လွှတ်လိုက်ရပါတယ်။

ကံကောင်းတဲ့ နေ့ရက်တွေမှာ နေ့လည်နဲ့တင် ပန်းလှလှလေးတွေ အများကြီးရလာတတ်ပြီး နေ့တပိုင်းနဲ့တင် အိမ်ပြန်လို့ရတဲ့ နေ့ရက်တွေရှိသလို ရှာမရပဲ ညမိုးချုပ်၊ တခါတလေ တောထဲမှာညအိပ်ခဲ့ရတဲ့ နေ့တွေလည်းရှိခဲ့ပါတယ်။ ထိုသို့ ရှာမရတဲ့နေ့တွေဆိုရင် အိမ်မပြန်ပဲ မိသားစုဝမ်းရေးအတွက်ရအောင်ရှာပြီး နောက်နေ့မှအိမ်ပြန်ရတဲ့ နေ့တွေ ရှိခဲ့ဖူးကြောင်း ပန်းရှာသူ ဦးလေးက ပြောပြပါတယ်။

မိသားစုအတွက် စားဝတ်နေရေး၊ ကလေးအတွက် ကျောင်းစရိတ် အစစ အရာရာအတွက် သစ်ခွပန်းရှာတာက အထောက်အကူဖြစ်စေလို့ပါ။

ပန်းခူးရင်း အစာရေစာငတ်ခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွားရတဲ့နေရာတွေက အရမ်းကိုဝေးနေလို့ နေအရမ်းပူနေလို့ ပါလာတဲ့ရေတွေကုန်သွားပြီး ဒီအတိုင်းရေငတ်နေခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့ဖူးပါတယ်။

ပန်းတွေကို တောင်ပေါ်တက်ခူးလိုက်၊ ကျောက်ခဲပေါ်တက်ခူးလိုက်ရနဲ့ အပင်ပေါ်တက်လျှင်လည်း အောက်မှာ ချောက်တွေနဲ့ တော်တော်လေးကို ဂရုစိုက်ရပါတယ်လို့ ဦးလေးက ပန်းခူးရင်း အန္တရာယ်ရှိနေပုံကိုလည်း ကျမကို ရှင်းပြပေးနေပါတယ်။

ပန်းရှာထွက်တဲ့ဦးလေးက ညအချိန် ပန်းခူးပြန်လာပြီး အိမ်ရောက်တဲ့အချိန်မှာ ဇနီးနှင့် သားသမီးဖြစ်သူများက ဝါးနှီးတွေကိုယူပြီး ပန်းပင်များကို အထုံးလိုက် စည်းထားလိုက်ပါတယ်။ မနက်ဖြန် မနက်စောစော ဈေးမှာ အချိန်မှီ သွားရောင်းနိုင်ဖို့အတွက်ပါ။ ဒီးမော့ဆို မြို့မဈေးကိုတော့ ဒေါ်ထရေးဇာက သွားရောက်ပြီးရောင်းချနေကြဖြစ်ပါတယ်။

သူမအတွက် နေရာနီးသော်လည်း ဈေးကောင်းမရရှိနိုင်ပါဘူးလို့ သူမက ကျမကိုပြောပြနေပါတယ်။ အဲ့ဒီအချိန်မှာ ကျမကိုလည်း သူမရဲ့ ပန်းပင်လေးတွေကို ဝယ်ပေးဖို့အဒေါ်က ပြောလိုက်ပါသေးတယ်။ ကျမကလည်း အဒေါ်ဆီက ပန်းပင်လေးတွေဝယ်ပြီး အိမ်မှာပြန်စိုက်ထားလိုက်ပါသေးတယ်။

ဈေးကာင်းမရတာ ဘာလို့လဲဆိုတော့ သူမဟာ ဈေးချိုချိုလေးသာ ရောင်းနေပေမယ့် ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ဈေးဝယ်နေကြတဲ့ သူတွေရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ် လို့ ကျမအနေနဲ့ ထင်မြင်မိပါတယ်။

သူမတို့အနေနဲ့ ဈေးကောင်းရချင်တဲ့အတွက်ကြောင့် လွိုင်ကော်မြို့တွင်းထိတောင် ကားကြုံစီးပြီး မြို့ထဲမှာ လိုက်ရောင်းနေကြရပါတယ်။ ဘာဖြစ်လို့လူတွေနဲ့ပဲ သယ်ရတာလည်းဆိုရင် ဆိုင်ကယ်က Without ဖြစ်နေလို့ပါ။ သူမတို့ရဲ့ ဆိုင်ကယ်လေးကို လိုင်စင်လေးမလုပ်ဆောင်နိုင်တဲ့အတွက် Without နှင့်သာ စီးနေရပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ဆိုင်ကယ်လေးကို မြို့ထဲခေါ်မသွားရဲကြတာပါ။

ရွာကနေ ဒီးမော့ဆိုမြို့ပေါ်ထိပဲ ခင်ပွန်းဖြစ်သူက လိုက်ပို့ပြီး လွိုင်ကော်အထိကို ကြုံရာကား၊ ဆိုင်ကယ်တို့နှင့် လိုက်သွားရပါတယ်လို့ ဦးလေးက သူတို့ရဲ့ အဖြစ်လေးကို ကျမကိုပြောပြနေပါတယ်။

ဒေါ်ထရေးဇာကတော့ လွိုင်ကော်မြို့ထဲမှာရှိတဲ့ ပန်းဝယ်တဲ့ တရုတ်လူမျိုးအိမ်တွေ၊ သူဌေးအိမ်တွေမှာ အဓိက လိုက်ရောင်းပါတယ်။ တရုတ်တွေကလည်း ပန်းပင်လှလှလေး အဖူးလေးနဲ့ အပွင့်လေးနဲ့ အရောင်လှလှလေးကိုမှ ရွေးဝယ်ကြတဲ့အတွက်ကြောင့် ပန်းပင်လှလှလေးတွေ ပန်းဆန်းဆန်းလေးတွေ တောထဲက ရလာရင် တရုတ်တွေဆီကိုပဲ လာရောင်းကြတာများပါတယ်။

ရောင်းလို့မကုန်တဲ့ ပန်းတွေကိုကျတော့ အိမ်မှာပဲပြန်ယူလာကြပါတယ် ပြီးမှ အနီးအနားမှာ ပြန်လိုက်ရောင်းကြပါတယ် လို့ အဒေါ်ထရေးဇာက ပြောပြပါတယ်။

အချို့သော တရုတ်အဝယ်တော်တွေက အိမ်အထိလာဝယ်ကြတဲ့သူတွေ ရှိတဲ့အတွက်ကြောင့် တခါတလေ သူတို့လာနိုင်မလားဆိုပြီး သူတို့အတွက် ချန်ထားခဲ့ပါတယ်။

အဝယ်တော်တွေက ပန်းအရောင်အဆင်း လှတဲ့ဟာ၊ ထူးဆန်းတဲ့ပန်းတွေကိုပဲ အဝယ်များတဲ့အတွက်ကြောင့် ပန်းရှာရတာ တနေ့တခြားတောနက်ထဲ ရောက်သွားကြရပါတယ်။

သူတို့လိုပဲ ပန်းတွေ ရှာပြီးတဖက်တလမ်း ဝမ်းစာရှာနေကြတဲ့သူတွေလည်း ရှိနေတာကြောင့် ပန်းမျိုးစိတ်တွေလည်း ရှားပါးလာခဲ့ပါတယ်။ ခုချိန်မှာ ဦးရီးချက်တို့မှာ ဝှါရီရွာဟောင်း၊ လတိန်စတဲ့ အနောက်ပဒေါင်(ရှမ်းနယ်စပ်)ရွာမှာ ရှိတဲ့ တောင်ပေါ်တွေမှာ သွားရောက်ခူးခဲ့ကြရပါတယ်။

သူတို့လေးတွေလည်း ပန်းပင်တွေကို ဟိုတောဝင် ဒီတောင်တက်နဲ့ ဒေသတွေလည်း စုံလာသလို ပန်းပင်တွေလည်း မရှိသလောက် ရှားလာနေပါပြီ။ တဖြေးဖြေးနဲ့ ဒေသစုံလာပြီ ပန်းတွေလည်း မရှိတော့ဘူး လို့ ဦးရီးချက်က ပြောပြပါတယ်။

တဖက်မှာလည်း အစိုးရပိုင်းဆိုင်ရာ ဥပဒေများသတ်မှတ်ထားတာတွေရှိသလို ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဘက်မှာလည်း ဒေသသစ်တောထွက်ပစ္စည်းတွေ ထိန်းသိမ်းတဲ့ ဥပဒေတွေ ထုတ်ပြန်ထားတာတွေရှိနေပါတယ်။

သူတို့မိသားစုလေးတွေလည်း အခုချိန်မှာတော့ ပန်းရှာတဲ့အလုပ်က တဖက်တလမ်းကူညီပေး နိုင်တယ်ဆိုပေမယ့်လို့ ရေရှည်မှာ ဘယ်အချိန်ထိ သူတို့ဒီအလုပ် လုပ်နိုင်မလဲဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။

ကျေးလက်ဒေသတွေဘက်မှာ နေထိုင်တဲ့သူတွေအတွက် ရေရှည်အလုပ်အကိုင်ရရှိဖို့နဲ့ ဒေသထွက်အသီးအနှံတွေ ဈေးကွက်မှာ နေရာရဖို့က သက်ဆိုင်ရာ အစိုးရက ကူညီနိုင်မှသာလျှင် ဝမ်းစာရေး ရုန်းကန်ရှာဖွေစားသောက်နေတို့လိုလူတွေအတွက် အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

Written by မူအက်စတာ
 ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org