CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရန်ကုန်၊ အောက်တိုဘာလ ၃၁လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။
ငါးဆူတောင်အုပ်စု ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီက မချိုနွယ်ဝင်း (ခ) ကတုံးမသည် စက်ဘီးဖြင့် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်မလာသဖြင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစိုးနိုင်က လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိသောကြောင့် စိုက်ပျိုးရေးခြံအနီးရှိ ကျေးရွာများထံ အကူအညီတောင်းပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ မဲဇလီကုန်း ကျေးရွာမှ လူဦးရေ ၇၀ ခန့်က ဖောအမျိုးအစား ယာဉ်ဖြင့် နေ့စဉ်လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် အဆိုပါ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံ အလုပ်သမ တစ်ဦးကို သေဆုံးသူက ၎င်းရှိသည့် နေရာကို အိပ်မက်ပေးသည်ဟု ဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် လူအများစုမှာ ယုံကြည်မှု မရှိသော်လည်း အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေခဲ့ရာမှ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာနေ ကိုတင်ကိုက The Voice သို့ ပြောကြားသည်။
“ငါ့ကို လူတစ်ယောက်က သတ်ပြီး လျှိုထဲ ပစ်ချထားတယ်။ ငါ့ရဲ့ ဘယ်ဘက်ခြမ်းမှာ စက်ဘီးရှိတယ်။ လူတစ်ယောက်က ငါ့ဘေးနားမှာ အမြဲစောင့်နေတယ်ဆိုပြီး မကတုံးမက အိပ်မက် လာပေးသွားတာ” ဟု ရဲသုခ စိုက်ပျိုးရေးခြံမှ ခြံလုပ်သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မနော်အဲဆေးက The Voice သို့ ပြောဆိုသည်။
သေဆုံးခဲ့သူ အမျိုးသမီးသည် တစ်ခြံတည်းနေသူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေကြောင်း၊ လွန်ခဲ့သော တစ်လခန့်က ယင်းအမျိုးသမီးထံမှ ခြံကပ်လျက် အမျိုးသားတစ်ဦးက ငွေချေးရာ အကြွေးမဆပ်သဖြင့် စကားများဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံမှ ခြံလုပ်သား အမျိုးသားတစ်ဦးက ပြောကြားသည်။
“သေဆုံးခဲ့တဲ့ အမျိုးသမီးကို လူသတ်သမားက အတင်းအဓမ္မ စော်ကားခဲ့တယ်လို့ အရပ်ထဲက လူတွေပြောနေပေမယ့် ရှာတွေ့ချိန် ကိုးရက်ကြာမှာ ပြန်တွေ့တာကြောင့် အလောင်းက ပုပ်ပွနေပြီ။ ဆေးရုံကို ပို့ထားပြီး ဆေးစစ်ချက်ရမှ ဟုတ်မဟုတ် ဆိုတာကို အတည်ပြုပြီမှ ဖြေကြားပေးနိုင်မှာပါ” ဟု ယင်းနယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ပြီး ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက် အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပီအာရ် ၇၇/၁၃ ဖြင့် ပို့ဆောင် စစ်ဆေးလျက် ရှိပြီး ငါးဆူတောင် နယ်မြေရဲစခန်းက (ပ) ၅၄/၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေသော်လည်း အောက်တိုဘာလ ၃၁ ရက်နေ့အထိ လူသတ်သူဟု ယူဆရသူကို မဖမ်းမိသေးကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
The Voice Weeklyhttps://www.facebook.com/excellencemedia
Friday, November 1, 2013
နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။
နေလောင်ဒဏ် သက်သာစေခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။
ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။
အိုမင်းမှုကို နှေးကွေးစေခြင်း
နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
အသားအရေ ဝင်းပစေခြင်း
နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။
အရေပြားပြဿနာများကို သက်သာစေခြင်း
နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။ အသားအရေ ကျန်းမာလှပရေးအတွက် နနွင်းမှုန့်
အသုံးပြုနည်း
နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။
နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။
ကြယ်စင်
Good Health
ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်းမိန်းကလေး တစ်ယောက်
အတွက် ဆံပင်က သူရဲ့ အလှတရားပါ။ သုတေ သီတွေက ဆံပင်ဟာ လူတစ်ယောက်ရဲ့
ပုံပန်းသဏ္ဌာန်ကို ဖော်ညွှန်းနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။
၁။ သိုင်းရွိုက် ပြဿနာများ
သိုင်းရွိုက်ဆိုတာ သင့်လည်ပင်းရဲ့ အခြေလေးမှာ ရှိနေတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းတစ်ခုပါ။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု
အတော်များများကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို
ထုတ်ပေးပါတယ်။ အဲဒီဂလင်းက ပုံမှန် မဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်း
ထုတ်လုပ်မှု နည်းတာ၊ များတာတွေ ဖြစ်တဲ့အခါ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်ကလည်း
လွဲချော် သွားတတ်ပါတယ်။ ဒါပေမဲ့ သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်တာကို
တခြား ရောဂါလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ အပူ၊ အအေးဒဏ်
မခံနိုင်တာနဲ့ နှလုံးခုန်နှုန်း ပြောင်းလဲတာတွေလောက် မတွေ့ရတတ်ပါဘူး။
၂။ ခန္ဓာကိုယ် ခုခံအားစနစ်က တိုက်ခိုက်ခြင်း
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဆံချည်မျှင် အိတ်တွေကို မှားယွင်း
တိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်ရတာပါ။ တွေ့ရခဲတဲ့ ရောဂါ တစ်ခုပါ။ ဒါပေမဲ့
ကျွတ်သွားတဲ့ ဆံပင်နေရာမှာ နောက်ခြောက်လကနေ တစ်နှစ်အတွင်း ဆံပင်အသစ်တွေ
ထပ်ထွက်လာပါတယ်။
၃။ ပွေးပေါက်ခြင်း
ဦးရေပြားမှာ
ပွေးပေါက်တဲ့အခါ မှိုပိုးကြောင့် ဦးရေပြား ယားယံတာ၊ ဆံပင်ကျွတ်တာတွေ
ဖြစ်စေပါတယ်။ မှိုပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ မှိုပိုးက တိုက်ရိုက် ထိမိတဲ့
နေရာတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။
၎။ ကလေးမွေးဖွားခြင်း
တချို့ မိန်းကလေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ များလာတတ်တာကို
သတိပြုမိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ များလာတာကြောင့်
ဆံပင်တွေ မကျွတ်ဘဲ ခဏတာ ရပ်တန့်နေတာပါ။ ဒါဟာ ပုံမှန်ပါပဲ။
ကလေးမွေးပြီးချိန်မှာတော့ ဟော်မုန်း ပမာဏက ပုံမှန် အခြေအနေကို
ပြန်ရောက်သွားတာကြောင့် ရပ်တန့်နေတဲ့ ဆံပင်တွေက အလျင်အမြန် ကျွတ်ကျလာပါတယ်။
တစ်ချိန်တည်းမှာ ဆံပင်တွေ အများကြီး ကျွတ်သွားတာကြောင့်
အံ့အားသင့်နိုင်ပါတယ်။ နောင်နှစ်နှစ် ကြာတဲ့အခါ ဆံပင်တွေ နဂိုအတိုင်း
ပြန်ဖြစ်သွားနိုင်ပါတယ်။
၅။ ဆေးဝါးများ သောက်သုံးရခြင်း
ပဋိသန္ဓေတားဆေးတွေက ဆံပင် ကျွတ်စေပါတယ်။ သားဥကြွေတဲ့ ဖြစ်စဉ်ကို
ဖိနှိပ်ထားတဲ့ ဟော်မုန်းတွေက တချို့ မိန်းကလေးတွေမှာ ဆံပင် ကျွတ်စေပါတယ်။
မိဘမျိုးရိုးမှာ ဆံပင်ကျွတ်ဖူးတဲ့ ရာဇဝင်ရှိရင် သင်လည်း
ဆံပင်ကျွတ်တတ်ပါတယ်။ တချို့ မိန်းကလေးတွေကတော့ ပဋိသန္ဓေတားဆေး သုံးနေရာမှ
ဖြတ်လိုက်တဲ့အခါ ဆံပင် ကျွတ်တတ်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင်
ထိန်းညှိပေးတဲ့ တချို့ ဆေးဝါးတွေ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အရိုးအဆစ်
ရောင်ရမ်းနာတွေအတွက် အသုံးပြုရတဲ့ တချို့ ဆေးတွေကလည်း ဆံပင်ကျွတ်တာနဲ့
ဆက်စပ်မှု အနည်းငယ်ရှိပါတယ်။
၆။ အစာ လျှော့စားခြင်း
သင်က
ကိုယ်အလေးချိန် လျှော့ချချင်လို့ အစားအသောက်တွေ လျှော့ချ
စားသောက်နေတာကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်
လျှော့ချလိုက်တာ ၁၅ ပေါင် လျော့ကျသွားပြီး သုံးလကနေ ခြောက်လအတွင်း ဆံပင်
ကျွတ်လာတာကို သင်သတိထားမိမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို
စားသုံးရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။
၇။ ဆံပင်စတိုင်
ဦးရေပြားကနေ ကျစ်ဆံမြီး သေးသေးလေးတွေကို တင်းတင်း ကျစ်ထားတာကလည်း
ဆံပင်ကျွတ်စေပါတယ်။ ကျစ်ဆံမြီးကို ဖြေလိုက်ပါက တဖြည်းဖြည်းနဲ့ ပုံမှန်
ဆံပင် အနေအထားကို ပြန်ရောက်နိုင်ပါတယ်။ ဒီဆံပင်စတိုင်ကို ကြာရှည် စွဲမြဲစွာ
ပြုလုပ်ထားပါက ဆံပင် ကျွတ်တာကို ပိုဆိုးစေပါတယ်။
၈။ ကင်ဆာရောဂါ
ကုသနေခြင်း ကင်ဆာရောဂါ ကုသမှုနှစ်ခုဖြစ်တဲ့ ခီမိုဆေးတွေ ပေးတာနဲ့
ဓာတ်ရောင်ခြည်နဲ့ ကုသတာတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဆံပင် ကျွတ်စေပါတယ်။
ဒီကုသမှု နှစ်ခုစလုံးက ဆံချည်မျှင် အိတ်တွေကို ထိခိုက်စေတာကြောင့်
ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာက အမြဲဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ကုသမှု
ပြီးမြောက်လို့ ဆေးဖြတ်လိုက်တဲ့အခါ ဆံပင် ပြန်ပေါက်လာပါတယ်။
၉။ ဖိစီးမှု များလွန်းခြင်း
ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ အလွန်အမင်း များလွန်းတဲ့အခါ ဦးရေပြားမှာ
ရှိနေတဲ့ ဆံပင်တွေရဲ့ လေးပုံတစ်ပုံလောက်က ရုတ်တရက် ကျွတ်နိုင်ပါတယ်။
၁၀။ ကျန်းမာရေး မကောင်းခြင်း
ကျန်းမာရေး မကောင်းတာကြောင့် ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိ
ဖြစ်နိုင်ပါတယ်။ ဥပမာ- အလွန်အမင်း နေမကောင်းဖြစ်ခြင်း၊ အကြီးစားခွဲစိတ်မှု
ပြုလုပ်ထားခြင်း၊ ထိခိုက်မှုကြောင့် သွေးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း၊ စိတ်ဒဏ်ရာ
ကြီးကြီးမားမား ရခြင်း စတာတွေကြောင့်လည်း ဆံပင် ကျွတ်နိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းအတွက် ကုသမှု
၁။ ဆေးဝါးဖြင့် ကုသခြင်း
မိန်းကလေးတွေမှာ ဆံပင်ကျွတ်တာအတွက် ကုသဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး
ဌာနက Minoxidil ဆေးကို အတည်ပြု ထားပါတယ်။ ဒီဆေးက မိန်းကလေးအများစုမှာ
ဆံပင်ကျွတ်တာကို နှေးသွားစေတာ ဒါမှမဟုတ် လုံးဝ ရပ်တန့်သွားစေပါတယ်။
ဒါ့အပြင် ဆံပင် ပြန်ပေါက်စေဖို့လည်း အားပေးပါတယ်။ ဆံပင်ကျွတ်တဲ့ တချို့
မိန်းကလေးတွေမှာ ကော်တီကိုစတီးရွိုက်ဆေးက ဆံပင် ပြန်ပေါက်စေပါတယ်။
ခန္ဓာကိုယ်မှာ တခြားရောဂါတွေ ခံစားနေရပါက ကုသမှု ခံယူတာ၊ အာဟာရ မျှတအောင်
စားတာတွေကလည်း ဆံပင် ပြန်ထွက်စေပါတယ်။
၂။ လေဆာဖြင့် ကုသခြင်း
ဆံပင်ကျွတ်တာအတွက် လေဆာနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ လေဆာရောင်ခြည် အနည်းငယ်
ပေးပြီး ဆံပင်ပြန်ထွက်စေဖို့ လှုံ့ဆော်မှု ပြုလုပ် တာပါ။ ဆေးခန်း မှာ
ပြုလုပ်နိုင် သလို အိမ်မှာ ကိုယ့်ဘာသာ ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေလည်း
ပေါ်နေပါပြီ။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက စမ်းသပ် မှုတွေ ပြုလုပ်နေ
ပါတယ်။ မကြာခင်မှာ တိကျတဲ့ အဖြေထွက်ပေါ်လာမှာပါ။ ဆံပင်ကျွတ်တာအတွက် ရေရှည်
သုံးစွဲပါက ထိရောက်မှု ရှိ၊ မရှိနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိကတော့
မသိရှိရသေးပါဘူး။
၃။ လိမ်းဆေးများဖြင့် ကုသခြင်း
ဆေးတွေကတော့ အမျိုးစုံ ပေါ်နေတာပါ။ သင်နဲ့ သင့်တော်မှုရှိတဲ့ အမျိုးအစားကို
ရွေးချယ် အသုံးပြုရမှာပါ။ ဝယ်ယူတဲ့အခါ အရေပြား အထူးကုရဲ့ ထောက်ခံမှု၊
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနရဲ့ ထောက်ခံမှုတွေပါ ရှိ၊ မရှိ သေချာအောင်
စစ်ဆေး ကြည့်ပြီးမှ ဝယ်ယူ သုံးစွဲပါ။
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
၁၃ နှစ်အရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက အကြိမ်ကြိမ်ကာမဆက်ဆံပြီးနောက် ပြည့်တန်ဆာ အိမ်သို့ ရောင်းချစေခိုင်းခဲ့မှုကြောင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း အခင်းဖြစ် မြို့နယ်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက အောက်တိုဘာ ၃၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။
“ အမှုကို ကလေးမိခင်ကတိုင်တန်းထားတဲ့အတွက် အမှုဖွင့် စစ်ဆေးပေးရတယ်၊ ဒီအမှုမှာ ကောင်မလေး က အလိုတူလို့ ဖြစ်ခဲ့ပေမယ့် ၁၄ နှစ်အောက်ဖြစ်နေတဲ့အတွက် အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်ရတာပါ” ဟု ရဲအုပ်ဌေးဝင်းက ရှင်းပြသည်။
အဆိုပါ အမှုကို လှိုင်သာယာ၊ ---ရပ်ကွက်နေ မ----(၃၂)နှစ် ၊( ဈေး ရောင်း) က အမှုဖွင့် တိုင်တန်း ထားခြင်းလည်းဖြစ်သည်။
သူမသည် အောက်တိုဘာ ၂၄ ရက်က သီရိမင်္ဂလာဈေးတွင် ဈေးရောင်းနေစဉ် သမီးဖြစ်သူ မ----(၁၃နှစ် ရှစ်လ) အား နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။ ထို့နောက် ၂၅ ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ခဏအိပ်၍ နိုးစဉ်သမီးငယ်၏ ကျောင်းလွယ်အိတ်အားတွေ့၍ ကျောင်းမတက်ကြောင်း သိရှိသဖြင့် စုံစမ်းရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ဟု ရဲထံတွင် ပြောပြထားသည်။
၎င်းနောက်လေးရက်အကြာ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီတွင် သမီးဖြစ်သူအား အမှတ် (၆)ရပ်ကွက်၊ သုခ(၁)လမ်းရှိ မအေးအေးအောင်၏ နေအိမ်တွင် တွေ့ရှိခဲ့သဖြင့် နေအိမ်သို့ ပြန်လည်ခေါ် ယူမေးမြန်းခဲ့သည်ဟုလည်း ဆက်လက်ပြောပြထားသည်။
ထို့ကြောင့် သမီးဖြစ်သူအား စကားလိုက်ပြောဖူးသူ အမည်မသိ၊ အသက် (၂၈)နှစ်အရွယ် ၊ အမျိုးသား (စုံစမ်းဆဲ) က န၀ဒေးအိမ်ရာအနီးရှိ အမည်မသိတည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး သားမယား အဖြစ် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လှိုင်မြို့နယ်ချောင်းဝကား မှတ်တိုင်ဘက်သို့ ထပ်မံခေါ်ဆောင်ပြီး မဟာတည်ခိုခန်းတွင် တစ်ပတ် ခန့် သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ဆက်ဆံခဲ့သည်ဟုလည်း တရားလိုက အမှုဖွင့်ရာတွင် ထည့် သွင်းပြောပြထားသည်။
“ဒီအမှုမှာ သားမယားပြုကျင့်ခဲ့တယ်ဆိုတဲ့လူကို ကောင်မလေးက နာမည်မသိဘူး၊ လူမမှတ်မိဘူးလို့ ထွက်ဆိုထားတယ်၊ အဲဒီတော့ သူ့ကိုစခေါ်သွားတဲ့ နေရာတွေနဲ့ သွားခဲ့တဲ့နေရာတွေကို အတည်ပြုပြီး ဖော်ထုတ်ဖို့ လုပ်နေပါတယ်” ဟု ရဲအုပ်ဌေးဝင်းက ပြောပြသည်။
ထို့နောက် ၎င်းသားမယားအဖြစ် ဆက်ဆံခဲ့သူက မိန်းကလေးအား အခြားအမျိုးသားတစ်ယောက်ထံ လွှဲပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ပြည့်တန်ဆာခေါင်းလုပ်သူ တစ်ဦးထံ ရောက်ရှိသွားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
“ ဒီအမှုကို မုဒိမ်းမှု (၃၇၆)အပြင်၊ ပြည့်တန်ဆာ ရောင်းချမှု (၃၇၂)၊ ၀ယ်ယူလက်ခံမှု ပုဒ်မ (၃၇၃)နဲ့ စစ်ဆေးနေတာပါ၊ ဖော်ထုတ်ချက်အရ နောက်ထပ်တစ်ဦး ပါဝင်ပတ်သက်နေတယ်လို့ သိရှိရတဲ့အတွက် အားပေးကူမှု ပုဒ်မ ၁၁၄ ပါထည့်ပြီး စစ်ဆေးနေပါတယ်။ ဒီအမှုက စစ်ဆေးဆဲဆိုတော့ တိတိကျကျကြီး တော့ မပြောနိုင်သေးပါဘူး” ဟု ရဲအုပ်ဌေးဝင်း က မဇ္ဈိမသို့ ပြောသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
Friday, 01 November 2013
Facebook သည် အချစ်ရေး အကွဲအပြဲ ဇာတ်လမ်းများကို ကြိုတင် နိမိတ်
ဖတ်နိုင်သည့် စွမ်းရည်မျိုး ရှိလာပြီဟု သုတေသီများက တင်စားပြော
ကြားလိုက်သည်။ သုတေသီများသည် Facebook ဝက်ဘ်ဆိုက် သုံးစွဲသူများ
အနက် (၁.၃)သန်းခန့်၏ မှတ်တမ်းမှတ်ရာများကို လေ့လာကာ အချစ်ရေး အဆင်မပြေသည့်အခါ ကြိုတင် နိမိတ်ထင်လာတတ်ကြောင်း ကောက်ချက်
ချခဲ့သည်။
ဥပမာအားဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး In a Relationshipဟု သတ်မှတ်
ထားရာမှ It's Complicatedဟု ပြောင်းလဲလိုက်မှုမျိုးသည် လူတစ်ယောက်၏ လူမှုဘဝကို ကြိုတင် အရိပ်ထင်စေကြောင်း ပညာရှင်များက ထောက်ပြခဲ့
သည်။
အမှန်တကယ် အချစ်ရေး မပြိုကွဲခင် Facebookတွင် မိမိတို့၏ အတွင်းစိတ်
များကို လူအများက အရိပ်အမြွက်မျှဖြစ်စေ ထုတ်ပြလာတတ်ကြောင်း သိရှိရသည်။
ကွန်နဲလ် တက္ကသိုလ်တွင် ပြုလုပ်သော သုတေသန ရလဒ်တစ်ခုက Facebookနှင့် Social Mediaများအပေါ် လူအများ မှီတွယ်မှု ပိုမို
အားကောင်းလာသည်နှင့်အမျှ အတွင်းရေး ခံစားချက်များကို သွန်ထုတ်ရန် အသုံးများလာကြောင်း ညွှန်ပြလျှက်ရှိသည်။
ထို့အပြင် စုံတွဲတစ်တွဲနှင့် တိုက်ရိုက်သိကျွမ်းမှု မရှိသည့်တိုင် ယင်းတို့နှင့် ဆက်စပ်သူငယ်ချင်းများထံမှတစ်ဆင့် ထိုစုံတွဲ၏ လားရာအခြေအနေ
ကောင်းမကောင်း ဆိုသည်ကိုပါ ခန့်မှန်းလာနိုင်လိမ့်မည်ဟု ယင်းတက္ကသိုလ်
မှ လူမှုဆက်ဆံရေး ပညာရပ်ဆိုင်ရာ သုတေသီများက ကောက်ချက်
ချခဲ့သည်။ ယခုသုတေသန စစ်တမ်း၏ နောက်ကွယ်မှ ပညာရှင်များက Facebookတွင်
လူတစ်ဦး၏ စိတ်ခံစားချက် အရိပ်အကဲသည် ဆက်စပ်နေသည့် မိသားစုနှင့်
မိတ်ဆွေများထံ အလွယ်တကူ ပျံ့နှံ့တတ်ကြောင်း ရှင်းပြခဲ့သည်။
သုတေသီများက Facebookတွင် သူငယ်ချင်း တစ်ဦး၏ ကြားခံသူငယ်
ချင်းများ ရောနှောနေခြင်းထက် နယ်ပယ်အသီးသီး ခွဲထားခြင်းက ဆက်ဆံရေး ပိုမိုခိုင်မြဲစေကြောင်းလည်း
ဆိုသည်။ ထို့အပြင် Social Networkများ၌ တစ်ဦးချင်း ဆက်ဆံရေး
ခိုင်မြဲမှုထက် မိမိ၏ အမှန်တကယ် ရင်းနှီးကျွမ်းဝင်သူ အရေအတွက် ချိတ်ဆက်မှု
ကျယ်ပြန့်ခြင်းကလည်း ပိုမိုအရေးပါသည့် ညွှန်ကိန်း ဖြစ်လာကြောင်း
ပညာရှင်များက မှတ်ချက်ပြုသွားသည်။
Planet Myanmar Network
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။
အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ
ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ
မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော
အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း
ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့်
စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ
အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့ တောက်ပတဲ့ အလင်းရောင် ကို
ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်ပါတယ်။
မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-
- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊
- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊
- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။
မျက်စိညောင်းညာမှု သက်သာစေရန်
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို
ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး
ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။
(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀
ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။
(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ်
အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း
သွားပါလိမ့်မယ်။
(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။
(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။
(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။
ကြယ်စင်
ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ
သရဲခြောက်ခဲ့တယ်ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက်
နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့
သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
သူတို့ဟာ စိတ်ကူးယဉ် ဆန်စွာဖြင့် သည်းမခံနိင်လောက်အောင် ကြောက်စရာကောင်းတယ်
ဆိုတဲ့ဖြစ်ရပ် တွေ ရှိတဲ့ အိမ် ကိုမှ discounts တောင် မချခိုင်းပဲ
တန်းယူတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အိမ်အမြန် ရောင်းချင်တယ် ဆိုရင်တော့ သရဲခြောက်ပါတယ်လို့သာ ဟစ်ပြီး ရောင်းပါလေ။
( ဒီမှာ ဆိုရင်တော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေက လာကမ်းလှမ်းကြလိမ့်မယ် )
Aung Heine ( smart.com.mm )
ဗြိတိန်၊ ဘယ်ဂျီယံနိုင်ငံများမှ ခေတ်ဟောင်း မော်တော်ယာဉ် ကိုးစီးဖြင့်
နိုင်ငံခြားသားဧည့်သည် ၁၈ ဦး ပါဝင်သော မော်တော်ယာဉ်တန်းသည် အောက်တိုဘာ ၃၀
ရက်တွင် နေပြည်တော်သို့ ရောက်ရှိ လည်ပတ်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှ ၁၇ ရက်အထိ
အင်းလေး၊ ကလော၊ ပုပ္ပါး၊ ပုဂံ၊ မန္တလေး၊
ပြင်ဦးလွင်၊ မုံရွာ၊ ပုဂံ၊ မကွေး၊ ပြည် ခရီးစဉ်အတိုင်း ယင်းခရီးသွားများ
ကိုယ်တိုင် မောင်းနှင်ကာ ယာဉ်တန်းဖြင့် ဆက်လက် သွားရောက် လည်ပတ်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။
''ယာဉ်တွေကိုတော့ သဘောင်္နဲ့ သယ်လာတာပါ။
နိုင်ငံခြားသား ဧည့်သည်တွေကတော့ လေယာဉ်နဲ့ပဲ လာကြတာပါ။
ဖျာပုံ-ဘိုကလေး-ကျိုက်လတ် ခရီးစဉ်ကို နိုင်ငံခြား ၁၈ ဦးထဲက လေးဦးက
စောရောက်နေတာနဲ့ သွားလည်ခဲ့ကြသေးတယ်။ သူတို့အဖွဲ့ အကုန်လုံး ယာဉ်တန်းနဲ့
စထွက်ဖြစ်တာကတော့ အောက်တိုဘာ ၂၈ ရက်မှပါ။ သူတို့ ၁၈ ယောက်လုံး ရန်ကုန်ကနေ
ပဲခူး-တောင်ငူကို Rolls Royce, Buick, Mercedes, Land Rover, Porsche,
Bentley Toyota အမျိုးအစား ယာဉ်ကိုးစီးနဲ့ အထောက်အကူပြုယာဉ်၊
အုပ်ချုပ်မှုယာဉ်တွေနဲ့ မောင်းပြီး လာရောက်ခဲ့ ကြပါတယ်။ ယာဉ်တွေက
ဟောင်းနေတော့ လမ်းမှာ စက်ချို့ယွင်းတာတွေလည်း ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့
သူတို့မှာက စက်ပြင်သမားတွေ နှစ်ယောက်လည်း ပါပြီးသားပါ။ အရေးပေါ် လူနာတင်ယာဉ်
တွေလည်းပါတယ်။ အခု နေပြည်တော်မှာတောင် ယာဉ်တစ်စီး စက်ပြင်နေလို့
ကျန်နေခဲ့သေးတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ
ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောကြားသည်။
အဆိုပါ
ခရီးသွားများမှာ အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော်မှ ပင်းတယသို့
ထွက်ခွာခဲ့ပြီး မြန်မာပြည် အထက်ပိုင်းသို့ ခရီးစဉ် စတင်မည်ဖြစ်သည်။ အဆိုပါ
နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ရခြင်း အဓိက ရည်ရွယ်ချက်မှာ
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ အလှအပ၊ သဘာဝရှု ခင်းများကို ကြည့်ရှုခံစားပြီး
မြန်မာလူမျိုးများ၏ ပျုငှာဖော်ရွေသည့် ချစ်စရာ ဓလေ့စရိုက်များနှင့်
ရိုးရာယဉ်ကျေးမှု အနုပညာများ၊ ရိုးရာလက်မှု ပညာများကို
လေ့လာကြည့်နိုင်ရန်အပြင် မြန်မာနိုင်ငံ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့်
စီးပွားရေး ကဏ္ဍများကို လေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံကို ရွေးချယ်ခြင်း
ဖြစ်ကြောင်း သိရသည်။
''တခြားနိုင်ငံတွေမှာ မတွေ့ရတဲ့
မြန်မာလူမျိုးတွေရဲ့ တစ်စုံတစ်ခု အတွက် မျှော်လင့်ချက်မရှိဘဲ ဖော်ရွေတဲ့
အပြုံးကို သဘောကျပါတယ်။ လမ်းတစ်လျှောက်က ရွာတွေကို ဖြတ်လာတုန်းကလည်း
ပြုံးရွှင်ဖော်ရွေ နှုတ်ဆက်တဲ့အတွက် ၀မ်းသာမိပါတယ်။ နောက်ပြီး နေပြည်တော်က
ပြည်သူ့လွှတ်တော် ၀န်းကျင်ကို လေ့လာတော့ မော်တော်ယာဉ် ၁၀ စီး လောက်
ယှဉ်မောင်းလို့ရတဲ့ ဒီလိုလမ်းမကြီးမျိုး မတွေ့ပါဘူး'' ဟု ပြင်သစ်လူမျိုး
Mr. Frederic Loveleff က ပြောကြားသည်။
အဆိုပါ
နိုင်ငံခြားသားထဲတွင် ပြင်သစ်၊ ဆွစ်လူမျိုး အနည်းငယ်သာ ပါဝင်ကာ
ဗြိတိန်နှင့် ဘယ်လ်ဂျီယံလူမျိုး အများစု ပါဝင်ကြောင်း သိရသည်။ ယင်းခရီးသွား
ဧည့်သည်များမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အောက်တိုဘာ ၂၃ ရက်တွင်
ရောက်ရှိကာ မြန်မာနိုင်ငံအနှံ့သို့ မော်တော်ယာဉ်တန်းဖြင့် တစ်လနီးပါး
ကြာမြင့်စွာ လည်ပတ်ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့မှ ဥရောပသို့
လေကြောင်းလိုင်းဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး မော်တော်ယာဉ်များကို
သင်္ဘောဖြင့် ပြန်လည်တင်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်တန်းများဖြင့် လာရောက်သော နိုင်ငံခြားသားများနှင့် ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်
တွေ့ဆုံနှုတ်ဆက်စဉ်
EMG
လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ဘုရင့်နောင် လမ်းဆုံရှိ Quarto Product
ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် ဘီယာ၊ ၀ိုင်၊ အေးခဲ အသားများ တရားမ၀င်
တင်သွင်းနေသည်ဟု တိုင်ကြားချက်အရ Mobile Team မှ ၀င်ရောက် စစ်ဆေးနေကြောင်း
သိရသည်။ ယင်းသို့ တိုင်ကြားချက်ကို ၂၆ ရက်က ရန်ကုန်Mobile Team
သို့ သတင်းရောက်ရှိလာပြီး တိုင်ကြားထားသော စက်ရုံ၏ အခြေအနေကို
လေ့လာစောင့်ကြည့်ကာ ၂၇ ရက်မှစပြီး ၀င်ရောက် စစ်ဆေးခဲ့ကာ တိုင်ကြားထားသော
နိုင်ငံခြား ဘီယာ၊ ၀ိုင်နှင့် အေးခဲအသားတို့ကို တွေ့ရှိထားကြောင်း Mobile
Team အဖွဲ့ထံမှ သိရသည်။
စစ်ဆေးတွေ့ရှိထားသော ဘီယာများမှာ Heineken
ပုလင်းများနှင့် ဂျာမနီ ဘီယာနှစ်မျိုးတို့ ဖြစ်ပြီး အလုံးပေါင်း ၂၄၀၀ ခန့်
ရှိမည်ဖြစ်ကြောင်း၊ သြစတြေးလျ၊ ပြင်သစ် စသည့်နိုင်ငံတို့မှ
ထုတ်လုပ်ထားသည့် ၀ိုင်ပုလင်းပေါင်း ၃၀၀၀၀ နီးပါး ပါဝင်ပြီး
အေးခဲအသားများတွင် အမဲသား၊ ဆိတ်သားများလည်း ပါဝင်ကြောင်း သိရသည်။
သို့သော် ၎င်းပစ္စည်းများမှာ တရားဝင်ပစ္စည်း ဟုတ်မဟုတ်ကို ဆက်လက် စစ်ဆေးနေပြီး
တွေ့ရှိထားသော ပစ္စည်းများထဲမှ Heineken ပုလင်းများမှာ တင်သွင်းခွင့်
လိုင်စင်မရှိဘဲ တင်သွင်း ထားကြောင်းကိုသာ လတ်တလော စစ်ဆေးတွေ့ရှိထားကြောင်း
Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အစစ်ဆေး
ခံနေရသော ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူကမူ မိမိတို့အနေဖြင့် ပြပွဲပြုလုပ်ရန်
ရှိကြောင်း၊ ယင်းပြပွဲမှာ နီးကပ်လာသဖြင့် ပင်လယ်ရေကြောင်းမှ Heineken
ပုလင်းများကို လိုင်စင်မရှိဘဲ အမြန်ဆုံး တင်သွင်းလိုက်ရခြင်း ဖြစ်ကြောင်း
ဖြေရှင်းပြောကြားသည်။
လိုင်စင်မရှိဘဲ တင်သွင်းထားသည့် Heineken ပုလင်းများကို တွေ့ရစဉ်
EMG
၂၉-၁၀-၂၀၁၃ ရက်နေ့ ၂၂၄၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ ချယ်ရီလမ်းနေ
ဆန်းဝင်း(၃၃)နှစ်၏နေအိမ်တွင် “မိုးမြင့်သူ”အမည်ဖြင့်
တရားမ၀င်အနှိပ်ခန်းပြုလုပ်နေကြောင်းသတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် ဆန်းဝင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဆိုင်မန်နေဂျာ
ဖြစ်သူ စိုးမြင့်(၃၆)နှစ်နှင့် ဆိုင်သို့လာရောက်သည့်အမျိုးသားများအားနှိပ်ပေးနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ မဝေေ၀(၂၀)နှစ်ပါ အနှိပ်သမ(၁၀)ဦးတို့အား အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်ရာတွင်အသုံးပြုသည့် မွေ့ရာ/အခင်း
စောင်(၄)စုံ၊ ခန်းဆီးလိုက်ကာ(၃)ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်
ဆန်းဝင်း၊ စိုးမြင့်နှင့် မဝေေ၀ပါ(၁၀)ဦး၊ စုစုပေါင်း(၁၂)ဦးတို့အား
ပျဉ်းမနားမြို့မရဲစခန်း၊ ရဲအရေးမပိုင်မှု အမှတ်စဉ်(၄၁/၂၀၁၃)၊ ပြစ်မှုပုဒ်မ
၁၈၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးကာလမှစပြီး ဒီနေ့ဒီအချိန်အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုရှိခဲ့ ပါတယ်။
ဒီအခြေခံဥပဒေသုံးခုကို ရေးဆွဲခဲ့ရတဲ့ ရည်ရွယ်ချက်တွေကလည်း တစ်ခုနဲ့တစ်ခုလုံးဝ မတူညီခဲ့ကြပါဘူး။
ပထမဆုံးဖြစ်တဲ့ (၁၉၄၇)အခြေခံဥပဒေဟာ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရယူနိုင်ဖို့အတွက် လိုအပ်ချက် တစ်ချက် အနေနဲ့ ရေးဆွဲခဲ့တာပါ။
ရေးဆွဲချိန်ကလည်း လပိုင်းဘဲကြာခဲ့ပြီး လူထုဆန္ဒခံယူပွဲမလုပ်ဘဲ တိုင်းပြည်ပြုလွှတ်တော်ကဘဲ အတည်ပြု ခဲ့တာဖြစ်ပါတယ်။
ဝေဖန်သူတွေက (၁၉၄၇)အခြေခံဥပဒေကို
ဗမာလူမျိုးစုတစ်စုအတွက် ဖဆပလအဖွဲ့က ကြီးစိုးပြီး ရေးဆွဲခဲ့ တာကြောင့်
တစ်ဖွဲ့တည်းအကျိုး(One Group Show) ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
နောက်တစ်ခုဖြစ်တဲ့
(၁၉၇၄)အခြေခံဥပဒေကတော့ အာဏာသိမ်းစစ်တပ်က မဆလပါတီအနေနဲ့ တိုင်းပြည် ကို
တရားဝင်အုပ်ချုပ်နိုင်ဖို့အတွက် လိုအပ်ချက်တစ်ခုအနေနဲ့ ရေးဆွဲခဲ့တာပါ။
ရေးဆွဲမှုဖြစ်စဉ်မှာ ပြည်သူလူထု၊
တိုင်းရင်းသားလူနည်းစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ဆောင်ရွက် ခွင့်
မရရှိခဲ့တာကြောင့် ပြည်တွင်းစစ်ရပ်စဲရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို
ဖြေရှင်းဖို့အတွက် လုံးဝ အကျိုးမဖြစ်ထွန်းခဲ့ပါဘူး။
ဒီ(၁၉၇၄)အခြေခံဥပဒေကို တစ်ပါတီတည်းရဲ့အကျိုး(One Party Show) အတွက် ရေးဆွဲခဲ့တာလို့ ဝေဖန် ခဲ့ကြပြန်ပါတယ်။
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့
ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့
နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရေးဆွဲကြရမဲ့အစား
လူတစ်ဦးတစ်ယောက်ရဲ့ အကျိုး စီးပွားကို ကာကွယ်ဖို့အတွက် ၁၅
နှစ်ကြာအချိန်ယူပြီး အကွက်ကျကျ စီစဉ်ရေးဆွဲခဲ့တာကြောင့် လူတစ်ဦး
တည်းအကျိုးစီးပွား(One Man Show) အတွက်ဖြစ်ခဲ့ပြန်ပါတယ်။
အခြေခံဥပဒေတွေဟာ ရေးဆွဲချိန်ကာလ ၂နှစ်လောက်ပဲ အများဆုံးကြာသင့်ပြီး အနည်းငယ်
ပြင်ဆင်ဖြည့် စွက် တာကလွဲရင် နှစ်အတော်ကြာကြာ အသုံးပြုနိုင်လောက်အောင် ပြည့်စုံကောင်းမွန်သင့်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိ
(၂၀၀၈)အခြေခံဥပဒေဟာ ရေးဆွဲချိန် ၁၅ နှစ် အကြာဆုံးဖြစ်ခဲ့ရုံမက
အတည်ပြုပြီးလို့ ၂ နှစ်တောင် မပြည့်ခင်မှာ ပြန်လည်ပြင်ဆင် ရေးဆွဲရမယ့်
အခြေအနေကို ရောက်နေပါပြီ။
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ရေးဆွဲခဲ့ပုံနဲ့ ပတ်သက်ရင်တော်တော်လေး ပြဿနာရှိခဲ့ပါတယ်။ အဓိက ပြဿနာကတော့
ပြည်သူလူထုရဲ့ ပါဝင်ခွင့် မရခဲ့တာပါဘဲ။
အာဏာသိမ်းအစိုးရက အရေးပေါ်
စီမံမှုအက်ဥပဒေ(၁၉၅၀)၊ မတရားအသင်းဥပဒေ(၁၉၀၈)၊ နိုင်ငံတော် အား
နှောက်ယှက်ဖျက်လိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေ(၁၉၇၅)၊ အသင်းအဖွဲ့များ
ဖွဲ့စည်း
ခြင်းဆိုင်ရာဥပဒေ(၁၉၈၈)
စတဲ့ဥပဒေတွေကို အသုံးပြုပြီး ပြည်သူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေး
ဆွဲရေး နဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိအောင်
တားဆီးပိတ်ပင်ခဲ့ကြပါတယ်။
၁၉၉၆ခုနှစ်မှာ အစိုးရက
"အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တို့ကို
နှောက် ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ" ကိုလည်း
ထပ်မံပြဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေအရဆိုရင် အစိုးရကလွဲပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲတာနဲ့ ရေးဆွဲပြီး
ဖြန့်ဝေရင် ထောင်ဒဏ်၅နှစ်ကနေ အနှစ်၂၀အထိ ချမှတ်နိုင်ပါတယ်။
ဒါကြောင့် (၂၀၀၈)အခြေခံဥပဒေ
ရေးဆွဲမှုဖြစ်စဉ်မှာ ပြည်သူလူထုက လုံးဝပါဝင်ပတ်သက်ခွင့် မရရုံတင် မကပဲ
ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေတောင် အပြည့်အ၀ ပါဝင်ခွင့်
မရခဲ့ကြပါဘူး။
စတင်ရေးဆွဲစဉ်က ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေဟာ အမျိုးသားညီလာခံ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ခုနှစ်ပုံတစ်ပုံပဲ ပါဝင်ခဲ့ပါတယ်။
နောက်ဆုံးရေးဆွဲချိန်မှာဆိုရင် ပြည်သူ့ကိုယ်စားလှယ် ဆယ်ယောက်ကျော်ကျော်ပဲ ပါဝင်ပါတော့တယ်။
(အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်
၂၀၀၈ အခြေခံဥပဒေ)(Constitutional Reform Process) (Knowledge Exchange
Movement (KEM-Burma))မှ ကောက်နှုတ်တင်ပြထားပါသည်။
မဂ္ဂဇင်းကြီး၏ စာဖတ် ပရိသတ် များစွာတို့က ထောင်နှင့် သောင်းနှင့်ချီသော
ဓာတ်ပုံများကို ပေးပို့ခဲ့ပြီး National Geograpicက Your Shotဆိုသော
ခေါင်းစဉ်အောက်တွင် အကောင်းဆုံး ဓာတ်ပုံများကို အယ်ဒီတာအဖွဲ့က
စုစည်းပေးခဲ့ခြင်း ဖြစ်သည်။
National Geographic မဂ္ဂဇင်းသည် ထုတ်ဝေမှုသက်တမ်း (၁၂၅)နှစ်ပြည့်
အထိမ်းအမှတ်အတွက် ပရိသတ်များက ပေးပို့သည့် ဓာတ်ပုံကောင်းများကို
ထပ်မံထုတ်ဖော် ပြသလိုက်သည်။ မဂ္ဂဇင်း အထူးထုတ်တွင် ပါဝင်မည့်
ဓာတ်ပုံလက်ရာမွန် အချို့ကို ပထမအကြိမ် ပြသခဲ့ဖူးပြီး ယခုတစ်ဖန် နောက်ထပ်
လက်ရာကောင်းများကို ထုတ်ပြလာခြင်းလည်း ဖြစ်သည်။ မဂ္ဂဇင်းကြီး၏ စာဖတ် ပရိသတ်
များစွာတို့က ထောင်နှင့် သောင်းနှင့်ချီသော ဓာတ်ပုံများကို ပေးပို့ခဲ့ပြီး
National Geograpicက Your Shotဆိုသော ခေါင်းစဉ်အောက်တွင် အကောင်းဆုံး
ဓာတ်ပုံများကို အယ်ဒီတာအဖွဲ့က စုစည်းပေးခဲ့ခြင်း ဖြစ်သည်။ အချို့သော
ဓာတ်ပုံများသည် ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက် အနည်းပါးဆုံး၊ အသီခေါင်ဆုံး
ဒေသများမှ မှတ်တမ်းများပါ ပါဝင်နေသည်။
မဂ္ဂဇင်း အယ်ဒီတာအဖွဲ့သည် (၁၂၅)နှစ်ပြည့် အထူးထုတ်အတွက် စာဖတ်သူများက
ဓာတ်ပုံများ ပါဝင်ပေး ပို့ရန် အလေးအနက် ပန်ကြား တိုက်တွန်းခဲ့ပြီးနောက်
ယခုကဲ့သို့ အံ့မခမ်း ဖန်တီးမှုများကို တွေ့ရှိလာခြင်း ဖြစ် သည်။
အယ်ဒီတာအဖွဲ့က ကမ္ဘာကြီး၏ နေ့စဉ် ဖြစ်ပျက် ပြောင်းလဲမှုများကို စကားလုံး
မပါသော စကား အခွန်း ထောင်ပေါင်းများစွာဖြင့် ယခုဓာတ်ပုံများက
ပြောပြနေကြောင်း ညွှန်းဆို ချီးကျူးခဲ့သည်။ National Geograpicက ဒုတိယအသုတ်
ထုတ်ပြခဲ့သည့် ဓာတ်ပုံများအနက် အချို့ကို ယခုကဲ့သို့ စုစည်းဖော်ပြ
လိုက်ပါသည်။
From: Planet Myanmar Network
နန်းဆိုင်နွမ်
ဧရာဝတီ
အဖွဲ့ (KIO) ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ မနန်တူးဂျာ
ဦးဆောင်သည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ကို အောက်တိုဘာ ၃၀
ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုလိုက်ကြောင်း
သိရသည်။
၂၀၁၀ခုနစ် ဧပြီလတွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အဖြစ်
ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယင်းနှစ် သြဂုတ်လတွင်
ပယ်ချခံခဲ့ရကြောင်း၊ ယခုအခါ ပါတီနာမည်ပြောင်းလဲ လျှောက်ထားခဲ့ပြီး
နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှုကြောင့် ပြန်လည် လက်ခံလာခြင်း ဖြစ်ကြောင်း
ဒေါက်တာ မနန်တူးဂျာက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ရွေးကောက်ပွဲ ကော်မရှင်ကို သြဂုတ်၂၆ ရက်စွဲနဲ့ တင်ခဲ့တာပါ။
မနေ့က ပါတီထောင် ခွင့်ပြုလိုက်ပါတယ်။ ပါတီထောင်ခွင့် ရတဲ့အတွက်
အရမ်းဝမ်းသာပါတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ ပါတီအနေနဲ့ ဥပဒေအညီ
ဆောင်ရွက်သွားပါမယ်။ ပါတီရုံးကိုလည်း မြစ်ကြီးနားတွင် ဖွင့်လှစ်သွားမှာပါ”
ဟု ဒေါက်တာ မနန်တူးဂျာက ဆိုသည်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ မူဝါဒများမှာ မိမိဒေသ မိမိပြည်နယ်၏
အကျိုး နှင့် တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး
ပပျောက်ရန်၊ ပညာရေး မြင့်မားလာစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ် ကျနော်တို့ ပါတီအနေနဲ့
တက်ကြွပါဝင်သွားမှာပါ။ အခြားပါတီများနဲ့လည်း ကျနော်တို့ သဟဇာတ ဖြစ်အောင်
ဆောင်ရွက်သွားမှာပါ။ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ မြို့နယ်တွေကိုတော့
အသေအချာ မဆုံးဖြတ်ရသေးပါဘူး” ဟု ဒေါက်တာ တူးဂျာက ပြောသည်။
လက်ရှိ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပနေသည့်
တိုင်းရင်းသားအဖွဲ့များ ညီလာခံက အားလုံးအတွက် အရေးကြီးသည့်
အချိန်ဖြစ်နေကြောင်း၊ အနာဂတ်အတွက် ညှိနှိုင်းဆောင်ရွက်နေသောကြောင့်
ကောင်းသောဘက်သို့ ဦးတည်နေကြောင်း၊ တူညီသော သဘောထားရလဒ်များလည်း
ယင်းနိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ရရှိနိုင်မည်ဟု
မျှော်လင့်ကြောင်း ဒေါက်တာ တူးဂျာက ဆက်ပြောသည်။
ထိုနည်းတူ ညီနောင် ၁၆ ပါတီ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု ယူနီယံ
ပါတီကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၈ ရက်တွင် တရားဝင်
ပါတီထောင်ခွင့်ပြုလိုက်ပြီး ၂၀၁၅ ခုနစ်တွင် ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။
ဒေါက်တာ တူးဂျာသည် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော အမျိုးသားညီလာခံကို
ထောက်ခံအားပေးခဲ့သူတဦး ဖြစ်ပြီး ညီလာခံ ပြီးမြောက်သည် အထိတက်ရောက်ခဲ့သည့်
ညီလာခံ ကိုယ်စား လှယ်တဦးလည်းဖြစ်သည်။ ဒေါက်တာ တူးဂျာသည် ၂၀၀၉ ခုနစ်ကတည်းမှ
KIOမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့သည်။
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား
ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း
(အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက
hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။
ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ
တော်ရုံတန်ရုံမသိနိုင် ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး
နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera
ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့ အကြောင်းအရင်းကတော့ hidden camera
ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက် အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို
ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်း တွေ၊ စတိုးဆိုင်ကြီးတွေက
အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ
တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror)
တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့
သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့်
အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။
ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ
သုံးတဲ့မှန်မျိုး ပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊
နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်း ပါတယ်။ ဒါပေမယ့်
နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု
ရှိပါတယ်။
1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်
ကြေးမုံပြင်ပါ။
3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ
နှစ်ခုဟာ တိုက်ရိုက် ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ
အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့
တစ်ဘက်မျက်နှာပြင်ကို ပြဒါး သုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က
မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့်
သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ
မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ် ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို
မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့
မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲ
ဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့
ထိကြည့်ဖို့မမေ့ပါနဲ့။
ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward
လုပ်ပေးပါ။ ဒီစာလေးကို မျှဝေခြင်း အားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့
အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
Credit - Original up-loader
အခမဲ့ ကြော်ငြာ
Friday, November 1, 2013
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က
အောက်တိုဘာ ၃၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆဌမအကြိမ် ပြည်ထောင်စု
လွှတ်တော်မှာ ပြည်ထောင်စုလွတ် တော်နာယက ဦးခင်အောင်မြင့် ဥက္ကဌအဖြစ်တာ ၀န်ယူဆောင်ရွက်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး မျှတရေးကော်မရှင်ကနေ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ကျနော်တို့ အလုပ်ရှင်အလုပ်သမားနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု
လွှတ်တော်ရဲ့ အစီရင်ခံစာမှာရှိတဲ့ အပိုင်းတွေကို ပြောတာက အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီးပါ၊ ကျနော်တို့က အစီရင်ခံစာ တင်ထားတာပေါ့နော်၊ အလုပ်ရှင် အလုပ်သမားနဲ့ ပတ်သက်လို့ အစီရင်ခံစာအပေါ် မူတည်ပြီးတော့ သူတို့က ဘယ်လို ဆောင်ရွက်ထား
ပါတယ် ဆိုတာကို ဖြေကြားတာပါ။ အဓိကတော့ အလုပ်သမားဟာ အခြေခံလစာ နည်းနေတော့ အချိန်ပိုလုပ်အားခဟာ သူတို့ ပြောသလို သူတို့ခိုင်းချင်သလို ခိုင်းလို့ရတဲ့ အခြေအနေမျိုးဖြစ်နေတာ။”
အလုပ်သမားတွေ အချိန်ပို လုပ်ကိုင်တာနဲ့ပတ်သက်ပြီး ပုံမှန်လုပ်ငန်းတွေ
အတွက် တနေ့ ၃နာရီနဲ့ စနေနေ့မှာ ၅နာရီ တပတ်မှာ အချိန်ပို ၂၀နာရီသာ အလုပ်ခိုင်းစေရမဲ့အကြောင်း၊အဆက်မပြတ်လုပ်ငန်းတွေအတွက် တနေ့ ၂နာရီ ၄၀မိနစ်နဲ့ ၆ရက်မှာ ၁၆နာရီသာ အချိန်ပို အလုပ်ခိုင်းစေရမယ်လို့ ပါရှိပါတယ်။
အချိန်ပို အလုပ်ခိုင်းစေမယ်ဆိုရင်လည်း အလုပ်သမားတွေရဲ့ သဘောတူညီချက်လက်မှတ်ကို တင်ပြရမှာဖြစ်ပြီး လိုက်နာမှုမရှိရင် အလုပ်ရှင်ကို အရေးယူသွားမယ်လို့ ပြောပါတယ်။
အလုပ်သမား အလုပ်ရှင်ပြဿနာတွေ၊ အချိန်ပို အလုပ်ကိစ္စနဲ့ အနိမ့်ဆုံး လုပ်အားခတွေသတ်မှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေသစ်ရေးဆွဲရေး
အတွက်လည်း ကြိုးစားနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်
စီစစ်နေပြီလို့ ဦးဖုန်းမြင့်အောင်ကပြောပါတယ်။
မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်အကြာကြီး
လုပ်ကြရပြီး လုပ်အားခ အနည်းငယ်သာ ရရှိနေတဲ့အခြေအနေတွေကို အလုပ်သမားရေးဆောင်ရွက်နေသူတွေက စစ်တမ်းကောက်ယူပြီး ခေတ်သစ်
ကျွန်သဘောက်လို့ အမည်ရတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့တဲ့
အကြောင်းလည်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။
ABC Radio
Item Name --------- Sacred Fig (ဗောဓိညောင်ပင်)
Category ------------ Raw Material
Botany Term -------- Ficus religiosa Linn
Species Family ----- Moraceae
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မျိုးစေ့ ၊ ပျံ့လွင့်ကျရောက်ရာ ဒေသတိုင်း၌ သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်
အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်ထိရှိသည်။ အခေါက် ညို၍ ပြောင်ချောသည်။ ကိုင်းများစွာ ဖြာပြီး အရွက်များ ဝေဆာစွာဖြင့် တွေ့ရ၏ ။ များသောအားဖြင့် အကိုင်းများမှ အမြစ်များ ထွက်ပေါက်လေ့ရှိ၏ ။ အပင်မှ ဖြူ၍ နို့ကဲ့သို့ ပျစ်ချွဲသော အစေးများ ထွက်၏ ။
အရွက်
ရွက်လွှဲထွက်သည်။ နှလုံးပုံ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက် ကြော ၈ စုံ ခန့်ရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၃-၄ လက်မ ရှည်သည်။ သေးသွယ်သည်။ ရွက်စွယ်သေးငယ်၍ ဘဲဥပုံရှိပြီး ထိပ်ချွန်သည်။
အပွင့်
အဖိုပွင့် ၊ အမပွင့် သီးခြားရှိသည်။ တန်ခူး ၊ ကဆုန်တွင်ပွင့်သည်။
အသီး
လုံးဝိုင်းသည်။ ရွက်ရင်းမှ ကပ်သီးသည်။ အစိမ်းရောင်ရှိသည်။ သဖန်းသီးကဲ့သို့ဖြစ်ပြီး အတွင်း၌ အပွင်းလေးများ ရှိသည်။ ကဆုန် ၊ နယုန်တွင် သီးသည်။
► အသုံးဝင်ပုံ
အခေါက် ၊ အမြစ် ၊ အသီး ၊ အရွက် ၊ အစေး။
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏ ။ ကြေ ခဲ၍ ခြောက်ကပ်၏ ။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏ ။ သားအိမ်ကို သန့်ရှင်းစေ၏ ။ သည်းခြေ သလိပ်ကို နိုင်၏ ။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏ ။ အသီးမှည့်သည် အေး၏ ။ နှလုံးကို အကျိုးပြု၏ ။ သွေးရောဂါ ၊ အဆိပ်အပူ သည်းခြေကြောင့်ဖြစ်သောရောဂါ၊ အန်ခြင်း ၊ မြစ်ခြောက်နာ ၊ နှုတ်မမြိန်ရောဂါများကို ပျောက်စေ၏ ။ အရွက်သည် သွေးကို စင်ကြယ် စေ၏ ။ အခေါက်သည် ချုပ်၏ ။ ၀ဖြိုးစေ၏ ။ အစေးသည် သွားနှင့် သွားဖုံးနာကျင် ကိုက်ခဲခြင်းကို ပျောက်စေ၏ ။
► အခေါက်အသုံးပြုပုံ
၁။ အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။
၂။ အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။
၃။ အနာဟောင်း ၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အ၀တ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။
၎။ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။
၅။ ဗောဓိညောင်အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။
၆။ ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။
၇။ ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။
► အသီးအသုံးပြုပုံ
၁။ အသီးခြောကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။
► အရွက်အသုံးပြုပုံ
၁။ ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။
၂။ အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။
၃။ အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။
► အစေးအသုံးပြုပုံ
၁။ ညောင်စေးကို မီးယပ်ရောဂါ၌ သုံး၏ ။
► အမြစ်အသုံးပြုပုံ
၁။ဗောဓိညောင်မြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။
၂။ အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။
၃။ အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။
မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။
source >>>http://myanmarherbal.blogspot.com/2013/10/blog-post_31.html#more
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး -
တောင်ကြီးလမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက် ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း
ဒေသခံ များပြောပြချက်အရ သိရပါသည်။
အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ်
ဟဲဆိုင်ရွာနှင့် ဟန်နားကျေး ရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံး ယောက်က
တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေ ကြောင်း၊ ဗင်ကားများ၊
ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍
ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊
လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။
အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ ခွဲခန့် ဓါးပြတိုက်ခံရသည့် မိုင်းရှူးဒေသခံ
တဦးကလည်း ဓါးပြများ သည် ကားပေါ် ရှိစား သောက် ဖွယ်ရာများပင်ယူဆောင်သွား
ကြောင်း၊ ၎င်းတို့ဖိုးဝှီးကားပေါ်ပါရှိသူများ ကျပ်ငွေရှစ်သိန်းကျော်နှင့်အတူ
(ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား ဆွဲတီးတလုံး၊ ဆွဲပြားတခု၊ လက်စွပ် တကွင်း)
ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသည့် လက်ဝတ် ရတနာများလည်းပါသွား
ကြောင်းပြောသည်။
“ကျနော်ကလေးကို ကျောင်းသွားပို့ပြီး ပြန်လာတာ။ ပိုက်ဆံမ ကျန်တော့ လို့
သောင်းဂဏန်းလောက်ပဲ ပါသွားတာ။အဲဒီဓါးပြကခြုံထဲ မှာတော့ ရှိသေးလားမသိဘူး၊
လမ်းပေါ်မှာတော့ သုံးယောက်ဘဲတွေ့တယ်။ တူမီးသေနတ်တွေနဲ့ဘဲ။ နှစ်လုံးပြူး
တူမီးသေနတ် အမျိုးအစားလဲပါတယ်။” - မိုင်းရှူးမြို့ခံစိုင်းအေးက ပြောသည်။
ထို့အတူ ကျေးသီးခရီးသည် လဲချားဒေသခံ နန်းမြဆိုသူကလည်း -
ဓါးပြတိုက်ခံရပြီးနောက် လမ်းပြင်ကား အပြာ စီးနင်းလိုက်ပါလာသည့်
ရဲတပ်ဖွဲ့ဝင် ၈-၉ ဦးခန့်တွေ့ဆုံကြောင်း၊ အက်စ်ကွေ့တွင် ဓါးပြတိုက်
မှုဖြစ်နေ သည့်အကြောင်း ပြောပြရာတွင် ရဲများကခရီးမဆက်တော့ ဘဲ
နောက်ကြောင်းပြန်လှည့် သွားကြောင်း - ပြောသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ ရှိ နာမည်ကြီး အက်စ် (S)
ကွေ့ တွင် ဓါးပြတိုက် မှု မကြာခဏ ဖြစ်ပွါးခဲ့ပါသည်။ ယမန်နှစ် ကလည်း မြန်မာ
စစ်ကြောင်းနှင့် ဓါးပြအဖွဲ့တိုးမိသောကြောင့် ရင်ဆိုင်တိုက်
ခိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာစစ်အရာရှိ တဦးသေ ဆုံးပြီး ရဲဘော်တဦးဒဏ်ရာ
ရှိခဲ့ဖူးပါသည်။
ဓါးပြတိုက်မှု မကြာခဏ ဖြစ်ပွားတတ်သည့်အက်စ်ကွေ့ သည် ကျေးသီး အခြေစိုက် ခလရ ၉
နှင့်နီး သကဲ့သို့ မိုင်းနောင်မြို့နယ်ခွဲ အခြေ စိုက် အမှတ်(၂)
စစ်ဆင်ရေးကွပ်ကဲ မှု ဌာနချုပ် နှင့်လည်း ၁၀ မိုင်ခန့်သာဝေးေ
ကြာင်းဒေသခံများကပြောသည်။
သျှမ်းသံတော်ဆင့်
Thursday, October 31, 2013
အသက်ကန့်သတ်မှု အနိမ့်ဆုံး ၁၄ နှစ်အထက်မှ Register လုပ်ပြီး အသုံးပြုလို့ ရမည့် Linkedin ဟာ အခုအခါ Feature အသစ် ထုတ်လုပ်လိုက်ပါပြီ။ စက်တင်လာလအတွင်းက အသစ်ဖန်တီးလိုက်တဲ့ Feature ဖြစ်တဲ့ University Page ဟာ လူငယ်တွေအတွက် အဓိက အကျိုးရှိစေမှာဖြစ်ပါတယ်။
တက္ကသိုလ်တွေဟာ သူတို့ ကိုယ်ပိုင် စာမျက်နှာတွေကို တည်ဆောက်ကြပြီး ကျောင်းရဲ့ အချက်အလက်၊ ကျောင်းရဲ့ ပုံစံ နဲ့ ကျောင်းရဲ့ အရေးကြီး ပွဲတော်များ ဖြစ်ရပ်များကို ဓါတ်ပုံ slideshow များ video များ နဲ့ ဝေေ၀ဆာဆာတင်ဆက်ကြပါတယ်။ ခန့်မှန်းခြေအရ နိုင်ငံတကာမှ တက္ကသိုလ် ၁၀၀၀ ကျော်ဟာ ကိုယ်ပိုင်စာမျက်နှာတွေကို တည်ဆောက်ခဲ့ကြပြီးဖြစ်ကာ အပတ်စဉ် တက္ကသိုလ်သစ် ၂၀၀ ၀န်းကျင် ထပ်တိုးနေပါတယ်။
University Page တွေဟာ ကျောင်းသား တွေနဲ့ မကြာသေးမီက ဘွဲ့ရတဲ့ ကျောင်းသားတွေအတွက် သူတို့ ကျောင်းရဲ့ ကျောင်းသားဟောင်းတွေကို ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး ကျောင်းသားတွေ ဘာအလုပ်လုပ်တယ်၊ ဘယ်မှာနေတယ်၊ ဘယ်မေဂျာကလည်း၊ ဘယ်လိုအရည်အချင်းရှိသလဲ အစရှိတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်တော့မှာဖြစ်ပါတယ်။ ဒီအချက်ကလည်း သူတို့အတွက် LinkedIn ကို ချိတ်ဆက်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်လာပါလိမ့်မယ်လို့ LinkedIn ရဲ့ ဖက်စပ်ဆက်သွယ်ရေးမန်နေဂျာ Crystal Braswell က ပြောကြားသွားခဲ့ပါတယ်။ ကျောင်းသားတွေဟာလည်း ဒီအချက်အလက်တွေကို အသုံးပြုပြီး သူတို့ဘ၀သက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းတစ်ခု ရရှိသွားနိုင်ပါတယ်။
LinkedIn အနေနဲ့ မလိုလားအပ်တဲ့ ဆက်သွယ်မှုတွေ သတင်းအချက်အလက်ပေါက်ကြားမှုတွေ မရှိအောင်လည်း privacy setting များကို သေချာ ပြုလုပ်ထားပါတယ်လို့ ဆိုထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း နဲ့ ပက်သက်ပြီး နာမည်ကြီးတဲ့ LinkedIn ဟာ ယခု ဆိုရင် ကမ္ဘာတစ်ဝန်းက တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး လူမှုဆက်သွယ်ရေးခေတ်တစ်ခေတ်ကို ထူထောင်ဖို့ စတင်ကြိုးစားနေပါပြီ။
ခေတ်နောက်မကျတဲ့ လူငယ်တစ်ယောက် အနေနဲ့ LinkedIn ကို Join ဖို့ စိတ်ဝင်စားတယ်မလား ?
http://www.linkedin.com/
ဝင်းကို ( MM Social Sky)
စီးပွားရေးပြီးနောက် နောက်ထပ် မျက်နှာစာသစ်တစ်ခု ထပ်ဖွင့်ထားသည်။
ပေါပေါများများ မဟုတ်သော်လည်း တရုတ်သတင်းစာများ ပြည်တွင်းတွင် အတန်အသင့်
နေရာယူလာသည်မှာ အတော်အတန်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဈေးဝယ်စင်တာများတွင်
တွေ့ရတတ်သည်။ တစ်ခါတစ်ရံ စာအုပ်ဆိုင်ကြီးများတွင် ဖတ်နိုင်သည်။
ယင်းတို့အနက် ရွှေဇာမဏီလည်း အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံ၌ တရုတ်ဘာသာဖြင့် သတင်းစာ ထုတ်ဝေခွင့်ကို ရွှေဇာမဏီ အမည်ဖြင့်
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းမှ စတင်ကာ
တရားဝင် ထုတ်ဝေခွင့်ပြုခဲ့သည်။
လတ်တလောတွင် ပြည်တွင်း မီဒီယာသို့ တရားဝင် ခွင့်ပြုထားသည့် တရုတ်
ဘာသာစကားသုံး အပတ်စဉ်ထုတ် ဂျာနယ် အရေအတွက်မှာ ရွှေဇာမဏီ ဂျာနယ်တစ်စောင်မျှသာ
ရှိသေးသည်ဟု ရွှေဇာမဏီဂျာနယ်၏ မန်နေဂျာ ဒေါ်ချိုသက်ထွန်းက ဆိုသည်။
“အခု ကျွန်မတို့ဂျာနယ်က အစောင် ၁၆၀ လောက်ရှိပြီ။ တရားဝင် ခွင့်ပြုချက်
တင်ပြီးလုပ်တာက ကျွန်မတို့ဂျာနယ် တစ်ခုလောက်ပဲ ရှိတယ်။ ကျန်တဲ့
သတင်းစာတွေကတော့ ခွင့်ပြုချက် ရှိလားမရှိလား မသိဘူး။ စင်ကာပူနဲ့ ထိုင်းကနေ
လာတဲ့သတင်းစာတွေ များတယ်။ The University သတင်းစာကတော့ ထိုင်းကလာတာ” ဟု
၎င်းကဆိုသည်။
တရုတ်ဘာသာသုံး ထုတ်ဝေသည့် ရွှေဇာမဏီဂျာနယ်ကို မြန်မာနိုင်ငံသို့ စီးပွားရေး
ရင်းနှီးမြှုပ်နှံရန် လာရောက်သည့် တရုတ်လူမျိုးများကို ပြည်တွင်း၏ ပကတိ
အခြေအနေနှင့် စီးပွားရေးအကြောင်း အရာများကို သိရှိစေနိုင်ရန်နှင့်
မြန်မာနိုင်ငံရှိ တရုတ်စာပေ လေ့လာသူများ ဖတ်ရှု လေ့လာစေရန် ရည်ရွယ်၍
ထုတ်ဝေခြင်း ဖြစ်ကြောင်း အဆိုပါ မီဒီယာ တာဝန်ရှိသူ ဒေါ်ချိုသက်ထွန်းက
ပြောကြားသည်။
“ကျွန်တော်ကတော့ စီးပွားရေးအရ သူတို့တွေ ထုတ်တယ်လို မမြင်ပါဘူး။
နိုင်ငံတော်ကနေ တရားဝင် ထုတ်ဝေခွင့် ပြုထားတဲ့အတွက် မြန်မာနိုင်ငံရောက်
စိနတွေနဲ့ တရုတ်စာ လေ့လာတဲ့သူတွေ ဖတ် ဖို့လောက်ပဲ ထုတ်တယ်လို့ ထင်တယ်” ဟု
ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက မှတ်ချက်ပြု ပြောကြားသည်။
၂၀၀၀ ပြည့်နှစ်မတိုင်မီ အချိန်များတွင် တမီလ်ဘာသာဖြင့် စာစောင်များ
ထွက်ခဲ့ဖူးပြီး လတ်တလောတွင် အခြားဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်သတင်းစာများ
မရှိသေးကြောင်း ၎င်းကဆိုသည်။
လက်ရှိဂျာနယ်နှင့် သတင်းစာ ဈေးကွက်တွင်မူ တရုတ်ဘာသာဖြင့် ထုတ်ဝေ
ဖြန့်ချိသည့် သတင်းစာနှင့် ဂျာနယ်စောင်ရေသည် သုံးစောင်ခန့်ရှိပြီး ဈေးကွက်
အရောင်းရှိရုံမျှ အနေအထားတွင်သာ ရှိကြောင်း ရန်ကုန်မြို့တော်အခြေစိုက်
ဂျာနယ် ဖြန့်ချိရောင်းချသူ အသိုင်းအဝိုင်းအတွင်းမှ သိရသည်။
အဆိုပါ သတင်းစာနှစ်စောင်မှာ The University နှင့် World News ဟူ၍ ဖြစ်ပြီး ဂျာနယ်မှာ ရွှေဇာမဏီ ဖြစ်သည်။
“တရုတ်ဂျာနယ် ကတော့ ရွှေဇာမဏီကိုတော့ တင်တယ်။ အဲဒီဂျာနယ်ကလည်း သိပ်ရောင်း
မကောင်းပါဘူး။ တစ်ပတ်ကို အစောင် ၂၀ လောက်ပဲ တင်တယ်။ တရုတ်လူမျိုးတွေပဲ
ဖတ်ကြတာကို အများစုက နားမလည်တော့ ဘယ်ဖတ်ကြမှာလဲ” ဟု ဆင်တောင်ကြီးစာပေ
တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း The University အမည်ရ တရုတ်ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင် တိုးလာသည်။
ယခင်က တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သော ရွှေဇာမဏီဂျာနယ်မှာ အပတ်စဉ်အဖြစ်
ထုတ်ဝေလာပြီး The University သတင်းစာကိုမူ တရုတ်မှ လေယာဉ်ဖြင့်
တိုက်ရိုက်ပို့ခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် ၂၄ လမ်းရှိ ဂျာနယ်
ရောင်းချသူ တရုတ်အနွယ်ဝင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောကြားသည်။
“တရုတ်စာတတ်တဲ့ သူအချို့ပြောတာကတော့ အခုသတင်းစာ (The University သတင်းစာ) က
နယ်ပယ်စုံ ကဏ္ဍစုံတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိ ရန်ကုန်မြို့တော် စာနယ်ဇင်း ဈေးကွက်၌ တင်ရောင်းလျက်ရှိသော
တရုတ်သတင်းစာနှင့် ဂျာနယ်များကို တစ်စောင်လျှင် ကျပ် ၄၀၀ ခန့်ဈေးဖြင့်
ပေး၍ ၆၀၀ ကျပ်နှုန်းဖြင့် ပြန်လည် ရောင်းချခွင့် ပြုထားပြီး တစ်လတစ်ကြိမ်
သတင်းစာဖိုး ငွေသိမ်းလေ့ ရှိကြောင်း ရန်ကုန်မြို့တော် ၃၁ လမ်းအခြေစိုက်
ဂျာနယ်ရောင်းချသူ ဦးအေကေက ပြောကြားသည်။
လက်ရှိ တရုတ်သတင်းစာ များသည် အစောင်ရေများစွာ မရောင်းရသေးသော်လည်း
လသားခန့်သာ ရှိသေးသော မြန်မာ့ သတင်းစာဈေးကွက် အတွင်းကို အမြတ်မကြည့်ဘဲ
စတင်ချင်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။
အဆိုပါ တရုတ်ဂျာနယ်နှင့် သတင်းစာများကို တစ်စောင်လျင် ကျပ် ၆၀၀ ခန့်မှ ကျပ်
၁၀၀၀ ခန့်ထိ ရောင်းချလျက်ရှိရာ လတ်တလောတွင် ဝယ်ယူဖတ်ရှုသူ အများစုသည်
မြန်မာပြည်ဖွား စိနအနွယ်ဝင် များနှင့် တရုတ်စာပေကို သင်ယူလျက်ရှိသူ
မြန်မာကျောင်းသား အချို့က ဝယ်ယူဖတ်ရှုလျက် ရှိကြောင်း အဆိုပါဂျာနယ်
ဖြန့်ချိရောင်းချသူများက ပြောကြားသည်။
လက်ရှိတွင် ဘာသာစကား အခက်အခဲကြောင့် တရုတ်သတင်းစာနှင့် ဂျာနယ် ရောင်းအားမှာ
အားရစရာ မကောင်းသော်လည်း ပြည်တွင်း၌ တရုတ်စာပေ လေ့လာလိုက်စားသူ
မြန်မာများအကြား ရပ်တည်လာနိုင်ခြေ ရှိသည်ဟု ရန်ကုန်မြို့တော်အခြေစိုက်
သတင်းစာနှင့် ဂျာနယ်ရောင်းချသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
ဖတ်ရှုသူအများစုမှာ နိုင်ငံခြားသားများနှင့် လတ်တလော တရုတ်စာ လေ့လာ
လိုက်စားလျက်ရှိသော ကျောင်းသားများသာ အဓိကဝယ်ဖတ်လျက် ရှိကြောင်း
ရန်ကုန်မြို့တော် ၂၄ လမ်းတွင် ဂျာနယ် ရောင်းချသူများက ပြောကြားသည်။
“မြန်မာတွေကတော့ သူတို့စာမှ မတတ်တာ ဘယ်လိုလုပ် ဖတ်မှာလဲ။ ဘာသာစကား
အခက်အခဲကြောင့် ကျွန်တော်ကတော့ မြန်မာ့စာပေလောကကို ထိုးဖောက်နိုင်မယ်
မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သူတို့စာမတတ်လို့။ သူတို့
စာတတ်တဲ့ လူကလည်း သူတို့လူမျိုးလောက်ပဲ ရှိတယ်လေ” ဟု ဦးကျော်မျိုးက
သုံးသပ်သည်။
လူဦးရေ သန်း ၆၀ ရှိ မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်လျက်ရှိသော
တရုတ်လူမျိုး ဦးရေမှာ ၁ ဒသမ ၆ သန်း ခန့် ရှိကြောင်း တရုတ်အစိုးရ၏
ထုတ်ပြန်ချက်များအရ သိရသည်။
စိနတိုင်း သား တို့သည် ၎င်းတို့၏ ဘာသာစကားကို ကမ္ဘာသုံးစကားအဖြစ်
ရပ်တည်လာနိုင်ရန် အသက် သွင်းလို ကြသူများလည်း ဖြစ်သည်။ တရုတ်ဘာသာကို
ကမ္ဘာသုံးဘာသာ ဖြစ်ရေးသည် စိနတို့၏ အိပ်မက်။
တရုတ်ဘာသာစကား ကမ္ဘာကို လွှမ်းခြုံနိုင်ရေးအတွက် စိနတိုင်းသားတို့ ရှိရာ
ဒေသတိုင်း၌ လုံ့လစိုက်ကြသူများ လည်းဖြစ်ရာ ၎င်းတို့၏ ဘာသာစကားကို
အလေးထားနိုင်၊ အသုံးပြုနိုင်ရန် အတွက် ယင်းနိုင်ငံ၏ စာသုံးကျောင်းသုံး
စာများတွင် အင်္ဂလိပ်ဘာသာကိုပင် နေရာပေးထားခြင်း မရှိဟု အဆိုပါ နိုင်ငံသို့
အကြိမ်ကြိမ် သွားရောက် လေ့လာခဲ့သော ရန်ကုန်မြို့တော်အခြေစိုက် နာမည်ကြီး
တရုတ်ဆေးဝါး ဖြန့်ချိ ရောင်းချရေး လုပ်ငန်းစုတစ်ခု၏ အဖွဲ့ဝင် ဆရာဝန်တစ်ဦးက
ပြောကြားသည်။
“သူတို့ရဲ့ ကျောင်းသင်ခန်းစာ တွေမှာလည်း အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားလေ့
မရှိတာကြောင့် သူတို့က အင်္ဂလိပ်စကားကို ထမင်းစားရေသောက်တောင်
မပြောနိုင်ဘူး။ မပြောကြဘူး။ သူတို့ မိခင်ဘာသာစကား ကိုပဲ စွဲစွဲမြဲမြဲ
ပြောတတ်ကြပါတယ်။ တခြားနိုင်ငံတွေအထိ သူတို့ ဘာသာစကားကို
ထိုးဖောက်ချင်ကြတယ်။ တရုတ်အများစုက နိုင်ငံခြားမှာ နေပေမယ့်
သူတို့ဘာသာစကားကို ကောင်းကောင်း တတ်ကျွမ်းတဲ့လူ များတယ်” ဟု ၎င်းက
မှတ်ချက်ပြုသည်။
တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာနှင့် ဂျာနယ်များ ရှိလာခြင်းသည်
ပြည်တွင်းရှိ ဘာသာစကား လေ့လာသူများအတွက် အခွင့်အရေးကောင်း
တစ်ရပ်ဆိုသော်လည်း မြန်မာစာပေ အရှည်တည်တံ့ရေး အတွက်မူ စိန်ခေါ်ချက်
ဖြစ်လာနိုင်သည်ဟု မြန်မာစာပေလောကသား အချို့က ဆိုသည်။
ပြည်တွင်းပင်မ စီးပွားရေး လုပ်ငန်းခွင်များသည် စိနတိုင်းသားတို့၏ လက်နှင့်
လွှတ်သည့် လုပ်ငန်းဟူ၍ မရှိသလောက်။ ယင်းနောက် စာပေဘက်သို့ စိနတို့တစ်စစ
လှမ်းလာကြသည်။
ဟိန်းမြတ်စိုး
The Voice Weekly
ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ လိုင်ဇာမြို့ဝန်းကျင်မှာ ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်များရဲ့ ပုံရိပ်ကို အဲဒီနေရာ ရောက်နေတဲ့ ဧရာဝတီ သတင်းဓာတ်ပုံဆရာ ဂျေပိုင်က မှတ်တမ်းတင်ပြီး ပေးပို့လာပါတယ်။
ပြည်တွင်းစစ်အခြေအနေတွေကို စာဖတ်ပရိသတ် အများအပြားက စိတ်ဝင်စားကြပေမယ့် ပြည်တွင်းစစ်ကြောင့် ပေါ်ပေါက်လာတဲ့ စစ်ပြေး ဒုက္ခသည်များရဲ့ အခြေအနေကတော့ အမေ့လျော့ခံ ဖြစ်နေတတ်ပါတယ်။
စစ်ပြေးဒုက္ခသည်များထဲမှာ ကလေးတွေ၊ မိခင်တွေကိုလည်း တွေ့ရပါလိမ့်မယ်။
ဂျေပိုင် ပေးပို့လာတဲ့ ဓာတ်ပုံတွေက သူတို့ရဲ့ အခြေအနေ တစိတ်တဒေသကို ဖော်ညွှန်းနေပါလိမ့်မယ်။
စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ပေးနေတယ်၊ ကိုယ့်အိမ်ကိုယ့်ယာကို ဘယ်တော့ ပြန်နိုင်ကြဖွယ်ရှိတယ် ဆိုတဲ့အချက်တို့ကို အစိုးရမင်းများ၊ လက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားရင် ကောင်းမှာပဲလို့ ယူဆပါတယ်။